ထီးလင်းမှာ စခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီး စခန်းမကျရေး လေကြောင်းပစ်ကူနေရ

ထီးလင်းမှာ စခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီး စခန်းမကျရေး လေကြောင်းပစ်ကူနေရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်းမဘေးရှိ ရေမျက်နီရဲကင်းစခန်းသိမ်းတိုက်ပွဲ ၂ ရက်ကြာတဲ့အထိ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရေမျက်နီရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၄ ရက် မနေ့က မနက် ၃ နာရီလောက်မှာ စတင်သွားရောက်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေတာပါ။

“သူတို့ကို အညံ့ခံခိုင်းတာ သူတို့အညံ့မခံတော့ပစ်ခတ်မှုတွေဆက်ဖြစ်နေတာပေါ့။ ကိုယ်တွေဘက်ကလည်း အထိအခိုက်တွေရှိတယ်။ လေကြောင်းသာမလာခဲ့ရင် မနေ့ကတည်းက စခန်းကိုသိမ်းနိုင်ခဲ့ပြီ။ ” လို့ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်က မနက် ၈ နာရီကနေ ညနေ ၃ နာရီကျော်တဲ့အထိ လေကြောင်းပစ်ကူမှု ၃ ကြိမ်ထက်မနည်း စခန်းပတ်လည်ကို လာရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ကျောမြို့အခြေစိုက် အမှတ် ၂၃ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၃) တပ်ရင်းက စစ်ကူစစ်ကြောင်းတချို့ရေမျက်နီရဲစခန်းတိုက်ပွဲကို ဒီမနက်မှာပဲ ထွက်ခွာသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ရေမျက်နီရွာက ဒေသခံတွေကိုလည်း တိုက်ပွဲမဖြစ်ခင်ကြိုတင်ရှောင်နိုင်တဲ့အတွက်ပြည်သူတွေ ထိခိုက်သေဆုံးမှုမရှိဘူးလို့လည်း ဆိုပါတယ်။

စစ်တပ်နဲ့ နီးစပ်တဲ့ မီဒီယာတွေဘက်မှာတော့ ရေမျက်နီရဲစခန်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ၂ ဖက် သေဆုံးမှု ၂၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲသတင်းနောက်ဆက်တွဲအခြေအနေအသေးစိတ်ကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

စာတည်း − ရင်ငြိမ်း

#မြေလတ်အသံ

#ဂန့်ဂေါ #ထီးလင်း #ရေမျက်နီရဲစခန်း #စခန်းသိမ်းတိုက်ပွဲ #လေကြောင်းပစ်ကူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10