ထီးလင်းမှာ စစ်ကောင်စီတပ်ဖွဲ့ မိုင်းနင်းမိလို့ ၅ ဦးသေဆုံးတယ်လို့ ဆို

ထီးလင်းမှာ စစ်ကောင်စီတပ်ဖွဲ့ မိုင်းနင်းမိလို့ ၅ ဦးသေဆုံးတယ်လို့ ဆို

မကွေးတိုင်း၊ ထီးလင်းမြို့၊ ရွှေထီးမြို့တော်ခန်းမကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန်လ ၂၁ ရက် မနေ့က မနက် ၈ နာရီလောက်မှာ မိုင်းနင်းမိလို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Yaw Revolution Army တပ်ဖွဲ့တွေဆီက သိရပါတယ်။

အင်အား ၁၀၀ ကျော်နဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေထီးခန်းမ ကနေထွက်လာပြီ သရခါကျေးရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဂျီချောင်းအနီးမှာ YRA ထီးလင်းအဖွဲ့ ထောင်ထားတဲ့ တိုက်မိုင်းကို နင်းမိလို့ စစ်ကောင်စီတပ်သား  ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကြားထားတာက ထီးလင်းဘက်ကို ယာဉ်တန်းတွေလာဖို့ရှိတယ်။ အဲဒါကို သူတို့က လမ်းကြောင်းရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေးလုပ်ပေးတာ၊ အဲဒီမှာ ကျနော်တို့ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ပေါက်ကွဲတာ၊ ထိခိုက်သေဆုံးတာတွေကိုတော့ အတွင်းသတင်းက ကျနော်တို့ ပြန်ကြားရတယ်” လို့ YRA ခေါင်းဆောင်သခင် ဇော် က မြေလတ်အသံကို ပြောပါတယ်။

မိုင်းပေါက်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေနဲ့ သေဆုံးသူတွေကို သရခါကျေးရွာကို သယ်ဆောင်သွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“အဲ့ဒီနေ့က တနေကုန် သူတို့တွေ လူနာတွေသယ်လိုက် အလောင်းတွေသယ်လိုက် အလုပ်ရှုပ်နေကြတယ်။ သရခါကျေးရွာမှာ ရောက်တော့ ထီးလင်းမြို့ပေါ်က ဖောကားတစီးလာပြီတော့ အလောင်းနဲ့ ဒဏ်ရာရတဲ့လူတွေကို သယ်ဆောင်သွားတယ်” လို့ သခင်ဇော်က ပြောပါတယ်။

ဒီနေ့ နေ့လယ်လောက်မှာတော့ အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ သရခါကျေးရွာကနေ ပြန်လည်ထွက်ခွာသွားခဲ့ပြီး လမ်းပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းပုန်းဝပ်နိုင်မယ့် အခြေအနေရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ မိုင်းထိခိုက် ဒဏ်ရာရသေဆုံးမှုနဲ့ပတ်သက်လို့ မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဇွန်လ ၁၅ ရက်နေ့ကလည်း YRA တပ်ဖွဲ့ဟာ အုန်းတွဲဘုရားကုန်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အလစ်တိုက်ခြင်းကို ခံခဲ့ရလို့ တပ်သားတဦး နဲ့ တပ်စုမှူး တဦးသေဆုံးသွားပြီ တပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေး #ထီးလင်း #YRA #မိုင်းဆွဲတိုက်ခိုက် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10