ထီးလင်းမှာ ဓါးစာခံပြည်သူတဦးကို သတ်သွားတဲ့ တပ်မ ၇၇ စစ်သားတွေ မိုင်းဆွဲခံရ

ထီးလင်းမှာ ဓါးစာခံပြည်သူတဦးကို သတ်သွားတဲ့ တပ်မ ၇၇ စစ်သားတွေ မိုင်းဆွဲခံရ

မကွေးတိုင်း၊ ထီးလင်းမြို့အခြေစိုက် တပ်မ ၇၇ က အင်အား ၈၀ ကျော်ပါစစ်ကြောင်း ကျားခဲကျေးရွာအထွက်မှာ PDF တွေထောင်ထားတဲ့ မိုင်းမိပြီး ထိခိုက်သေဆုံးခဲ့တယ်လို့ Yaw Revolution Army-ထီးလင်းအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ သြဂုတ် ၂၉ ရက် မနက် ၉နာရီလောက်မှာ ထန်းတက်ဖို့သွားတဲ့ ကျားခဲရွာသား အသက် ၄၀ အရွယ်အမျိုးသားကို ဖမ်းခေါ်သွားကာ ရွာနဲ့ တမိုင်လောက်ဝေးတဲ့နေရာမှာ သတ်သွားခဲ့တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

အဲ့ဒီနောက် မနက်၁၀နာရီလောက်မှာ ကျားခဲရွာ တောင်ဘက်မှာရှိတဲ့ မန်ကျည်းခင်းလမ်းအရောက်မှာ တိုက်မိုင်းမိလို့ စစ်သား၄ဦးသေဆုံးကာ ၆ဦးဒဏ်ရာရတယ်လို့ Yaw Revolution Army-ထီးလင်း ခေါင်းဆောင်က ပြောပါတယ်။

"ကျနော်တို့ဘက်က ထောင်ထားတဲ့တိုက်မိုင်း ထိတွေ့မှုဖြစ်ခဲ့တာပါ။ ပစ်ခတ်မှုတော့ မရှိခဲ့ဘူး။ ရန်သူ့ဘက်က အကျအဆုံးတွေရှိတယ်။ ရန်သူ့ဘက်က ၄ ကောင်ကျပြီး ၆ ကောင်ဒဏ်ရာရတယ်။ အတည်ပြုပါတယ်။" Yaw Revolution Army-ထီးလင်း ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းက ဖမ်းခေါ်သွားပြီး သတ်ခံလိုက်ရတဲ့ ကျားခဲရွာသားကို ပယင်းတူးတဲ့ တွင်းဟောင်းတွေထဲပစ်ထားခဲ့လို့ ကာကွယ်ရေးအဖွဲ့တွေက ပြန်သယ်ပြီး မိသားစုဆီပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

သတ်ခံလိုက်ရသည့် ကျားခဲရွာသားကို ပယင်းတွင်းဟောင်း အတွင်းမှ ဆယ်ယူနေပုံ

ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ ၁၆၊ ၁၇ နဲ့ Yaw Revolution Army-ထီးလင်း စတဲ့ ပူးပေါင်းအဖွဲ့က ထောင်ထားခဲ့တဲ့ တိုက်မိုင်းတွေမိသွားတဲ့ တပ်မ ၇၇ စစ်ကြောင်းကတော့ ထီးလင်းမြို့ထဲပြန်ဝင်သွားပြီး သေဆုံးစစ်သားတွေကို ထီးလင်းသုဿန်မှာပဲ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ထီးလင်း #ဓါးစာခံ #ပြည်သူ #သတ်ဖြတ် #တပ်မ၇၇ #မိုင်းဆွဲခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10