ထုံးချောင်းရွာ ကမ်းပြိုလို့ အိမ်တွေ ရွှေ့ပြောင်းဖို့ အကူအညီတွေ လိုအပ်နေ (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ်မှာ စလင်းချောင်းရေကြီးကာ ကမ်းပါးပြိုကျနေပြီး နေအိမ်တွေပြောင်းရွှေ့ဖို့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ပန်းတောလေးရွာ ကျောင်းဆရာတော် ဦးဝေပုလ္ကလ မိန့်ဆိုပါတယ်။

ကမ်းပါးပြိုကျနေတဲ့ ထုံးချောင်းရွာဟာ လူနေအိမ်နဲ့ ကမ်းပါးမှာ ၁၅ ပေခန့်သာ ကွာဝေးတဲ့အတွက် ရွာရဲ့အနောက်ဘက် ကိုက် ၅၀၀ ကျော်အကွာ ရွာအတွင်းပိုင်းနေရာတွေကို ပြောင်းရွှေ့ရမှာဖြစ်တယ်လို့ ဆရာတော်က ဆက်လက်မိန့်ပါတယ်။

လွန်ခဲ့တဲ့ ၉နှစ်ကလည်း စလင်းချောင်းရေကြီးပြီး ကမ်းပါးပြိုလို့ ထုံးချောင်းကျေးရွာက အိမ် ၄၇ လုံးမှာ ၃၃လုံး ရွှေ့ပြောင်းခဲ့ရပါသေးတယ်။လက်ရှိမှာလည်း လူနေအိမ် ၁၃လုံးနဲ့ ဘုန်းကြီးကျောင်း ၁ကျောင်းအပါအဝင် တရွားလုံးနီးပါး အတွင်းပိုင်း ထပ်ရွှေ့ရမယ့်အခြေအနေဖြစ်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့စက်တင်ဘာ လလယ်ပိုင်းက စလင်းချောင်းရေကြီးလို့ ထုံးချောင်းရွာ တောင်သူတွေရဲ့ စပါး၊ နှမ်း နဲ့ မြေပဲ ဧက ၃၀ကျော် ကမ်းပါးပြိုကျတဲ့အထဲ ပါသွားတယ်လို့ ဆိုပါတယ်။

ထုံးချောင်းရွာမှာ အခုရက်ပိုင်း မိုးမရွာပေမဲ့ အထက်ပိုင်းရွာတွေက မိုးဆက်တိုက်ရွာနေလို့ ချောင်းရေတွေတက်လာပြီး ကမ်းပါးပြိုတာ ဆက်တိုက်ဖြစ်နေတာကြောင့် မရွှေ့ဘဲ ကျန်နေတဲ့အိမ်တွေလည်း ဆက်နေလို့ မဖြစ်တော့ပဲ ရွှေ့ပြောင်းဖို့ရှိနေသလို အနီးဝန်းကျင်ရွာတွေက ဝိုင်းကူရွှေ့ပြောင်းပေးနေကြရပြီး နေအိမ် ၂ လုံးရွှေ့ပြောင်းဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#မကွေး #စလင်း #ထုံးချောင်း #ချောင်းရေကြီး #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10