ထောင်က ခေါ်ထုတ်ခံခဲ့ရတဲ့ ပဲခူးခရိုင်ဗကသ ဒုဥက္ကဌ သေဆုံးပြီလို့ စစ်ကောင်စီအကြောင်းကြား

ထောင်က ခေါ်ထုတ်ခံခဲ့ရတဲ့ ပဲခူးခရိုင်ဗကသ ဒုဥက္ကဌ သေဆုံးပြီလို့ စစ်ကောင်စီအကြောင်းကြား

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဉ်းထောင်ကနေ ခေါ်ထုတ်ခံရပြီး အဆက်အသွယ်ပြတ်တောက်နေတဲ့ ပဲခူးခရိုင်ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုခန့်လင်းနိုင် သေဆုံးသွားပြီဖြစ် ကြောင်း ဗကသများအဖွဲ့ချုပ်၊ သတင်းနှင့်ပြန်ကြားရေးဗျူရိုက ဇူလိုက် ၈ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 

မေလ ၂၈ ရက်က ကျိုက်စကောအကျဉ်းထောင်ကနေ ကိုလင်းခန့်နိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါ် ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေခဲ့ပြီး ကိုလင်းခန့်နိုင်သေဆုံးကြောင်းကိုတော့ ဇူလိုင် ၇ ရက် မနေ့က စစ်ကောင်စီဘက်က မိသားစုထံကိုအကြောင်းကြားလာတာလို့ ဆိုပါတယ်။

 

"ကျိုက်စကောထောင်ကနေ ကိုခန့်လင်းနိုင်မိသားစုဆီ သေဆုံးကြောင်းစာပို့အကြောင်းကြားတာပါ။ ဘယ်နေ့က ကျဆုံးတယ်ဆိုတာမသိရဘူး။ မိသားစုက အလောင်းလည်းမတွေရသလို သင်္ဂြိုဟ်ခွင့်လည်းမရဘူး" လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တဦးက မြေလတ်အသံကို ပြောပါတယ်။

 

ကိုခန့်လင်းနိုင်ကို ကျိုက်စကောထောင်ကနေ သာယာဝတီထောင်ကို ရွှေ့ပြောင်းချိန် အချုပ်ကားမှောက်တာကြောင့် အချုပ်သားတွေထွက်ပြေးမှာစိုးရိမ်လို့ စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်နဲ့ခြောက်လှန့်ပစ်ခတ်ရင်း ကိုလင်းခန့်နိုင်ကိုထိမှန်ကာ လက်လွန်သွားတယ်လို့ စစ်ကောင်စီဘက်က ပြောဆိုကြောင်းကိုလည်း မိသားစုနဲ့နီးစပ်သူတွေဆီက ကြားရတယ်လို့ ပြောပါတယ်။

 

 

ကိုလင်းခန့်နိုင်ဟာ အသက် ၂၀ အရွယ်သာရှိသေးပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က အမြန်လမ်းမကြီးတနေရာ အဝေးပြေးကားပေါ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ကာ ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ)ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

 

ဗကသရဲဘော်တွေအပါအဝင် ပြည်သူလူထုအပေါ် အကြမ်းဖက်ဖမ်းဆီးညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေဟာ စစ်ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာဖြစ်လို့ ဒီလုပ်ရပ်တွေအတွက် စစ်တပ်မှာ အပြည့်အဝတာဝန်ရှိတယ်လို့ သူကဆိုပါတယ်။

 

“ တနေ့မှာပြည်သူလူထုရဲ့ တရားစီရင်မှုကို စစ်တပ်အနေနဲ့ မလွှဲမသွေခံကြရလိမ့်မှာဖြစ်တယ်။ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကို ဆုံးခန်းတိုင်ဆင်နွှဲကြဖို့ လိုအပ်ပြီး ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ် ဖြိုချရှင်းလင်းပြီး ပြည်သူ့အာဏာတည်ဆောက်နိုင်ဖို့ လိုအပ်တယ်” လို့  ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်က ပြောပါတယ်။

 

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ စည်းရုံးရေးမှူး ကိုနိုင်ထွန်းဦးကိုလည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မုံရွာထောင်ကနေ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားခဲ့ပြီး ဒီကနေ့အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့လည်း ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ 

 

စာတည်း- ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူးခရိုင် #ဗကသ #ဒုဥက္ကဌ #သေဆုံးမှု #စစ်ကောင်စီတပ် #ကျိုက်စကောထောင် #ကိုလင်းခန့်နိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10