ထောင်ချခံထားရတဲ့ NLD တိုင်းဒေသကြီးအမတ်ကို စစ်ကောင်စီက အမှုထပ်ဖွင့်

ထောင်ချခံထားရတဲ့ NLD တိုင်းဒေသကြီးအမတ်ကို စစ်ကောင်စီက အမှုထပ်ဖွင့်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ထောင်ချခံထားရတဲ့ NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ထပ်မံအမှုဖွင့်ထားတယ်လို့ တောင်တွင်းကြီး NLD နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်က တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် အသက် ၄၅ နှစ်ရှိ  ဦး‌အောင်အောင်(ခ) ဦးအောင်ကိုကိုဟာ ဇန်နဝါရီလ ၂ ရက်က အကြမ်းဖက် ပုဒ်မ ၅၀ က၊ ၅၀ စျနဲ့ ၅၀ ညတို့နဲ့ အင်းစိန်စုပေါင်းတရားရုံးမှာ ထပ်မံတရားစွဲတာလို့ ဆိုပါတယ်။ 

ဦးအောင်ကိုကိုဟာ ပြီးခဲ့တဲ့နှစ် မေလ ၉ ရက် ည ၇ နာရီလောက်က ခရီးသွားနေချိန် မင်္ဂလာဒုံစစ်သင်္ချိုင်းရှေ့မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာခံရပြီး ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ကာ အဲဒီလကုန်ရက် (မေလ ၃၀)မှာပဲ အင်းစိန်‌ထောင်တွင်းတရားရုံးကနေ ထောင် ၃ နှစ်ချခံရတာ ဖြစ်ပါတယ်။

“၅၀၅ အမှုက ထောင်သုံးနှစ်ချပြီးလို့ ၈ လကြာမှ အကြမ်းဖက်ပုဒ်မတွေနဲ့ ထပ်အမှုဖွင့်တာကို ရမန်ယူမှ ကို‌အောင်အောင်က သိရတာ အဲတော့မှ ကျမတို့လည်း အံ့ဩသွားတယ်" လို့  ဦးအောင်အောင်နဲ့နီးစပ်သူ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတဦးက ပြောပါတယ်။

ဦးအောင်ကိုကို ကို ဖမ်းဆီးထားတဲ့ ၁၀ လတာကာလအတွင်း အိမ်ထောင်စုစာရင်းဝင် မိသားစုတွေပါ တိမ်းရှောင်နေရလို့ ထောင်ဝင်စာတွေ့နိုင်ခြင်းမရှိပဲ  ရုံးထုတ်ချိန်မှသာ ညီအကိုမောင်နှမတွေက တွေ့ဆုံရပေမယ့်   ခရီးဝေးလွန်းတာကြောင့် တကြိမ်သာ တွေ့ဆုံနိုင်ခဲ့ပြီး  ကျန်းမာရေးကတော့ ကောင်းမွန်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဦး‌အောင်‌အောင်ကို အင်းစိန်စုပေါင်းတရားရုံးမှာ ထပ်မံစွဲဆိုထားတဲ့ အမှုတွေအတွက်  အင်းစိန်ထောင်ကနေ ဖေဖေါ်ဝါရီလ ၂ ရက် ၉ ရက် ၂၁ ရက်တို့က ရုံးထုတ်စစ်ဆေးခဲ့သလိုလာမယ့် ဖေဖေါ်ဝါရီလ ၂၉ ရက်မှာလည်း ရုံးထုတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဦး‌အောင်ကိုကိုဟာ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်တဦးဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တောင်တွင်းကြီးမြိုနယ်၊ တိုင်းဒေသကြီး ၁ ကနေ ဝင်ရောက်ရွေးချယ်အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

ပုံစာ - ထပ်မံအမှုဖွင့်ခံရတဲ့ ဦးအောင်ကိုကို။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #တောင်တွင်းကြီးမြို့နယ် #NLD #လွှတ်တော်အမတ် #အကြမ်းဖက်မှုဥပဒေ #စစ်ကောင်စီ #တရားစွဲအမှုဖွင့် #နွေဦးတော်လှန်ရေး #အင်းစိန်အကျဉ်းထောင် #စုပေါင်းတရားရုံး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10