ထောင်တွင်းဆန္ဒပြမှုတွေမဖြစ်ရေး “ဝန်ကြီးချုပ်မသေဆုံးမီ ဆေးကုသခွင့်ပေးခဲ့ကြောင်း “ အိုးဘိုထောင် အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို လာရောက်ရှင်းပြတယ်လို့ဆို

ထောင်တွင်းဆန္ဒပြမှုတွေမဖြစ်ရေး “ဝန်ကြီးချုပ်မသေဆုံးမီ ဆေးကုသခွင့်ပေးခဲ့ကြောင်း “ အိုးဘိုထောင် အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို လာရောက်ရှင်းပြတယ်လို့ဆို

 ■ ထောင်တွင်းဆေးကုသခွင့်ပိတ်တာနဲ့ပတ်သက်ပြီး ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ နိုင်ကျဥ်းတွေက ပြည်သူတွေထံ စာပေးပို့

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့တာနဲ့ပတ်သက်ပြီး မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း ဆန္ဒပြမှုတွေမဖြစ်စေရေး ထောင်အာဏာပိုင်တွေက စည်းကမ်းပိုမိုတင်းကျပ်တာတွေ လုပ်ဆောင်ထားတယ်လို့ အိုးဘိုထောင်နိုင်ကျဉ်းတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဝန်ကြီးချုပ် ကွယ်လွန်ပြီးနောက် စစ်ကောင်စီလက်အောက် ထောင်အာဏာပိုင်တွေက အိုးဘိုထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေကို “အကျဉ််းထောင်ဘက်က ဒေါက်တာ ဇော်မြင့်မောင်ကို မသေဆုံးမီ အပြည့်အဝ ဆေးကုသခွင့်ပေးခဲ့ကြောင်း” လာရောက်ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

" ထောင်ထဲမှာ ငြိမ်မနေကြဘူးဆိုတာကို အပြင်ကလူတွေကို အထဲကလူတွေက သိစေချင်တယ်။ ဝန်ကြီးချုပ် သေတဲ့နေ့ကလည်း ဝမ်းနည်းကြောင်းလုပ်ဖို့ ကြိုးစားကြတယ်။ အထဲမှာ အခုဆိုပိုကျပ်နေတယ် " လို့ အိုးဘိုထောင်မှာ ထောင်ဒဏ်နှစ်ရှည်ချခံထားရတဲ့ နိုင်ကျဥ်းမိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အကျဉ်းထောင်အာဏာပိုင်တွေဘက်က ဒေါက်တာဇော်မြင့်မောင်အပေါ် ဆေးကုသခွင့် အပြည့်အဝပေးခဲ့တယ်လို့ လာရောက်ရှင်းပြခဲ့ပေမယ့် လက်ရှိအထိ အိုးဘိုထောင်အတွင်းနိုင်ကျဥ်းတွေအပေါ် ဆေးဝါးကုသခွင့်ပိတ်ပင်တာနဲ့ ဆေးသယ်ယူခွင့်တင်းကျပ်ထားပြီး အဲ့ဒီလို စစ်ကောင်က ပိတ်ပင်ထားတာနဲ့ပတ်သက်လို့ ထပ်ဆင့်ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ကိုလည်း မန္တလေးအိုးဘိုထောင်နိုင်ကျဥ်းတွေက ပြည်သူတွေထံ စာပေးပို့လိုက်ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဆေးဝါးကုသခွင့်အလုံအလောက်မရဘဲ သေဆုံးခဲ့ပြီးတဲ့နောက် "အိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေ ထုတ်ပြန်ချက်" ဆိုပြီး မြေလတ်အသံကို ထောင်တွင်းကနေတဆင့် စာပေးပို့လာတာပါ။

ပေးပို့လာတဲ့စာမှာ နိုင်ငံရေးအကျဥ်းသားတွေ ဆေးဝါးကုသခွင့်၊ ဆေးဝါးတင်သွင်းခွင့်များအား ဖိနှိပ်နေမှုအပေါ်ဝိုင်းဝန်းတောင်းဆိုပေးကြရန်၊ မြို့ပေါ်နေထိုင်သူတွေအနေနဲ့ နိုင်ငံရေးအကြပ်အတည်း ဖြစ်နေချိန်ပျော်ရွှင်မှုတွေကို ခေတ္တခဏချုပ်တည်းပေးကြရန်၊ ထောင်တွင်းနိုင်ငံရေးအကျဉ်းသမားများအနေနဲ့ အများပြည်သူလူထုနဲ့အတူ စစ်ကောင်စီဆန့်ကျင်ဆန္ဒပြပွဲတွေမှာ  ပါဝင်ဆင်နွှဲကြတာကို သိရှိစေရန်ဆိုကာ အချက် ၃ ချက်နဲ့ ဖော်ပြထားပါတယ်။

နိုင်ကျဉ်းတွေ ဆေးကုသခွင့်၊ ဆေးဝါးပေးပို့ခွင့် တင်းကျပ်ခံထားရတဲ့ အိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရသူ ဒေါက်တာဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလဝက်လောက်က စတင်ကာ ကျန်းမာရေးအခြေအနေဆိုးဝါးလာတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေရာကနေ အောက်တိုဘာ ၇ ရက် မနက်အစောပိုင်းမှာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

မန္တလေးအိုးဘိုအကျဥ်းထောင်ဟာ နိုင်ငံရေးကျဥ်းသားတွေအပေါ်ဖိနှိပ်မှုမှာ နာမည်ကြီးအကျဥ်းထောင်တခုဖြစ်ပြီး နိုင်ကျဥ်းတွေကို ဝိုင်းဝန်းရိုက်နှက်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိတဲ့ အကျဉ်းထောင်လည်း ဖြစ်ပါတယ်။

 

#မြေလတ်အသံ

#မန္တလေး #အိုးဘိုထောင် #နိုင်ကျဉ်း #ဆေးကုသခွင့် #ဝန်ကြီးချုပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10