ထောင်တွင်းတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ အကျဉ်းသူအပါ အမျိုးသမီး ၄ ဦး ထောင်ပြောင်းရွေ့ခံရ

ထောင်တွင်းတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ အကျဉ်းသူအပါ အမျိုးသမီး ၄ ဦး ထောင်ပြောင်းရွေ့ခံရ

ပြည်အကျဉ်းထောင်အတွင်း ဖိနှိပ်မှုတွေကို ဆန့်ကျင်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ အကျဉ်းသူ မဆုဝေဖြိုး အပါအဝင် အမျိုးသမီး ၄ ဦးကို သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွေ့လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူများထံက သိရပါတယ်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက်အစောပိုင်းက ပြောင်းရွေ့ခဲ့တာဖြစ်ပြီး သင်္ကြန်ရက်မတိုင်မီကတည်းက ပြောင်းရွေ့မိန့်ကိုကြားသိထားရပေမယ့် မိသားစုဝင်တွေ တွေ့ခွင့်မရဘဲ ပြောင်းရွေ့ခံလိုက်ရတာလို့ အကျဉ်းထောင် ရင်းမြစ်တွေက ဆိုပါတယ်။


“သူက ထောင်တွင်းတောင်းဆိုမှုတွေ လုပ်တာရှိတယ်။ အမျိုးသမီးဆောင်မှာ ဖိနှိပ်တာမျိုးပေါ့။ သန့်ရှင်းရေးတို့ သစ်ပင်စိုက်တာတို့ ည ကိုးနာရီ မဖြစ်မနေ အိပ်ရမယ်ဆိုတာတွေကို ထောင်ပိုင်တန်းစီးလာတဲ့အချိန်မှာ တိုက်ရိုက် တောင်းဆိုလိုက်တယ်။ အဲနောက်ပိုင်း ညပိုင်းအိပ်တာကိုတော့ လျော့ပေးလိုက်တယ် ကြားတယ်။ ထောင်အရာရှိအချို့က သိပ်မကျေနပ်ကြဘူး။ နောက်သူက ဆံပင်ဆေးဆိုးထားတော့ အနက်ဆိုးခိုင်းတာကို မဆိုးဘူးဆိုပြီး ငြင်းတယ်။ အဲဒါမျိုးတွေတော့ ရှိတယ်။” လို့ အကျဉ်းထောင်ရင်းမြစ်က ဆိုပါတယ်။

မဆုဝေဖြိုးအပါ အမျိုးသမီး အကျဉ်းသူ ၄ ဦးနဲ့ အခြား အမျိုးသားအကျဉ်းသားတချို့ကိုလည်း ပြောင်းရွေ့ခဲ့ပေမယ့် အခြားသူများရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

မဆုဝေဖြိုး ဟာ ပြည်ခရိုင်ကျောင်းသားသမဂ္ဂဥက္ကဌဟောင်းကိုစိုးမြတ်မင်းရဲ့ ဇနီးဖြစ်သလို ကိုစိုးမြတ်မင်း ဖမ်းဆီးခံရပြီး ၅ ရက်အကြာဖြစ်တဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၈ ရက်နေ့မှာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ထဲက ကျေးရွာတရွာမှာ မဆုဝေဖြိုးနဲ့ သားဖြစ်သူ ၂ နှစ်သားအရွယ် ကလေးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

“လင်မယားနှစ်ယောက်လုံးက အဖမ်းခံရပြီး သားကလေးကတော့ မဆုဝေဖြိုးအမေတွေဆီမှာ နေတယ်လို့ သိရပါတယ်။ သာယာဝတီကို အပြောင်းခံလိုက်ရပြီဆိုတော့ ထောင်ဝင်စာ ပစ္စည်းတွေ ပို့ဖို့ ခက်သွားတာပေါ့။ အရင်ကလည်း လူတွေ့တော့ မရဘူး။” လို့ ကိုစိုးမြတ်မင်းနဲ့ ရင်းနှီးခဲ့ဖူးသူ မိတ်ဆွေတဦးက ပြောပါတယ်။

မဆုဝေဖြိုးဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၁(ဂ) နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှစတင်ကာ ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီအထူးတရားတွေက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့သာ အမှုဖွင့်တရားစွဲဆို အမိန့်ချခဲ့တာဖြစ်ပြီး အများစုမှာ ထောင်တသက်အပါအဝင် နှစ်ရှည်ထောင်ဒဏ်များကို ချမှတ်ခံထားရတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10