ဒိုက်ဦးထောင်မှာ ထောင်ဝန်ထမ်းနှစ်ဦးကရိုက်နှက်လို့ နိုင်ကျဥ်းအမျိုးသားတဦး ဒဏ်ရာရရှိ

ဒိုက်ဦးထောင်မှာ ထောင်ဝန်ထမ်းနှစ်ဦးကရိုက်နှက်လို့ နိုင်ကျဥ်းအမျိုးသားတဦး ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦးဆီက ပွတ်ချွန်းအခွံ (ဆေးလိပ် လိပ်ရာတွင် အသုံးပြုသည့်စက္ကူစာရွက်) တွေ့တယ်လို့စွပ်စွဲကာ ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၁၉ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ပုဒ်မ ၅၀၅ နဲ့ ထောင် ၃ နှစ်ချမှတ်ခံထားရတဲ့ အသက် ၃၀ နှစ်အရွယ် နိုင်ကျဥ်းအမျိုးသားတဦးကို စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းမှာ အမှတ် ၅ အိပ်ဆောင်ရဲ့ အဆောင်မှူး ရဲထွဋ်ဝင်းနဲ့ ဒုတပ်ကြပ် အောင်ကိုလေး တို့က ရိုက်နှက်ခဲ့ကြတာလို့ ဆိုပါတယ်။ 

“ဒဏ်ရာတွေက ကျန်နေသေးတယ်။ သူ့ရဲ့နောက်ကျောမှာ ဝါးဆစ်ပိတ်တုတ်နဲ့ ရိုက်ထားတဲ့ ပေါက်ပြဲ၊ ပွန်းရှဒဏ်ရာတွေရှိတယ်။ ဦးခေါင်းမှာလည်း ညိုမဲဒဏ်ရာတွေရှိတယ်။ ခုချိန်ထိတော့ မပျောက်သေးဘူး။” လို့  PPNM ရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

လက်ရှိမှာ အကျဥ်းသားအချင်းချင်းကပဲ ဝိုင်းဝန်းစောင့်ရှောက်ပြီး ကုသမှုပေးနေတာကြောင့် အနည်းငယ်တော့ ပြန်သက်သာလာပြီလို့ ဆိုပါတယ်။ 

ဒီရိုက်နှက်မှုကို အဆောင်မှူးရဲထွဋ်ဝင်းကဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားရဲ့ ဦးခေါင်းနဲ့ နောက်စေ့ကို စစ်ဖိနပ်နဲ့ တက်နင်းတာ၊ မျက်နှာကို စစ်ဖိနပ်နဲ့ကန်တာတွေ ပြုလုပ်ခဲ့တာကြောင့် အထက်ပါအမျိုးသားရဲ့ ကျောပြင်မှာပေါက်ပြဲပွန်းရှဒဏ်ရာတွေ ရရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒိုက်ဦးအကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့အထဲမှာ ၂၀၂၄ ခုနှစ်အတွင်း ဆိုးဝါးတဲ့ ထောင်တခုဖြစ်ပြီး အကျဥ်းသားတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ထောင်တခုဖြစ်သလို အခုနှစ်အတွင်းမှာလည်း အကျဥ်းသူတွေကို နှစ်ကြိမ်မြောက်ရိုက်နှက်မှုရှိခဲ့ပြီး လူအခွင့်အ‌ရေးရော အကျဉ်းသားအခွင့်အရေးပါ ချိုးဖောက်ခံနေရတဲ့ ‌ထောင်တခုဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အခုလိုကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေကို စနစ်တကျမှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက် အကူးအပြောင်းကာလ တရားမျှတမှုဖော်ဆောင်တဲ့အခါမှာတော့ ဒီလိုကျူးလွန်ခဲ့တဲ့သူတွေ၊ ပါဝင်ပတ်သတ်ခဲ့သူတွေနဲ့ စေခိုင်းခဲ့သူတွေအားလုံးကို ထိရောက်တဲ့အပြစ်‌ပေး၊ အရေးယူမှု တရားမျှတမှုရရှိရေးအတွက် ဆောင်ရွက်သွားမယ်လို့ သူကဆက်ပြောပါတယ်။

ဩဂုတ် ၁၉ ရက်ကလည်း ဒိုက်ဦးထောင်ထဲက နိုင်ငံရေးအကျဉ်းသူတွေ ရေချိုးတဲ့နေရာကို အမျိုးသား ထောင်ဝန်ထမ်းတွေ မကြာခဏအဝင်အထွက်လုပ်နေတာကြောင့် အဆောင်မှူးဆီကိုတိုင်ကြားရာက စကားများပြီး ထောင်ဝန်ထမ်းတွေက လေးခွနဲ့ပစ်ခဲ့လို့  နိုင်ငံရေးအကျဉ်းသူ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် စက်တင်ဘာ ၁၉ ရက်အထိ နွေဦးတော်လှန်ရေးနဲ့ဆက်နွယ်ပြီး နိုင်ငံတဝန်းဖမ်းဆီးခံရသူ ၂၇၄၁၂ ဦးရှိခဲ့ပြီး ၂၀၉၂၂ ဦးက ထိန်းသိမ်းခံရဆဲဖြစ်ကာ အဲ့ဒီထဲက ၉၄၃၇ ဦးတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဒိုက်ဦးအကျဥ်းထောင် #အကျဥ်းသားရိုက်နှက် #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10