ဒီပဲယင်းက စစ်ရှောင်မိသားစုတွေ နေထိုင်စားသောက်ရေး ခက်ခဲနေ

ဒီပဲယင်းက စစ်ရှောင်မိသားစုတွေ နေထိုင်စားသောက်ရေး ခက်ခဲနေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ကနေ ဒီပဲယင်းမြို့နယ်ထဲကို ကာလရှည်ကြာ စစ်ရှောင်နေရတဲ့အိမ်ထောင်စု  ၂၀၀ ဝန်းကျင်လောက်ဟာ စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရတယ်လို့ သွားရောက်ကူညီခဲ့သူ ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးမှ တာဝန်ရှိသူတဦးဆီက သိရပါတယ်။

ရွှေဘိုမြို့နယ်၊ သီလုံးရွာ၊ ညောင်ကိုင်းရွာ၊ ဆင်အင်းရွာစတဲ့ ကျေးရွာတွေမှာ စစ်တပ်ကအထိုင်ချတာ၊ မီးရှို့တာအပြင် အဲ့ဒီရွာတွေဟာ ပျူစောထီးကျေးရွာတွေနဲ့ နီးစပ်တာကြောင့် ရွာခံအများစုဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလလောက်ကစပြီး ဒီပဲယင်းမြို့နယ်ထဲကို တိမ်းရှောင်ခဲ့ကြတာပါ။ 

အဲ့ဒီအချိန်ကတည်းက ဖြစ်သလို နေထိုင်ခဲ့ကြပြီး အလှူရှင်အချို့ရဲ့ ထောက်ပံ့မှုနဲ့ လယ်ယာလုပ်ငန်းနေ့စားလုပ်ကာ ရပ်တည်နေခဲ့ကြတာလို့ ဆိုပါတယ်။

"နေထိုင်ရတာက လယ်တဲအဆင့်ပဲရှိမယ်။ ထန်းလက်မိုးထက်လက်ကာနဲ့ နေရတာ။ အချို့ ဝါးကြမ်းခင်းတောင်မရှိဘဲ မြေပြင်မှာအိပ်ကြရတာ။ တခါတလေ လာလှူတဲ့အလှူရှင်ရှိတတ်ပေမယ့် စစ်ရှောင်ကာလ တလျောက်လုံးနီးပါး ပျိုးနှုတ်ကောက်စိုက်နဲ့ ယာခင်းတွေမှာ နေ့စားလုပ်ကြတယ်။ မိုခါမုန်တိုင်းဝင်တော့ စပါးခင်းယာခင်းတွေပျက်ပြီး တောင်သူလည်းအဆင်မပြေတော့ သူတို့လည်း အလုပ်မရှိတော့ဘူးပေါ့"လို့  ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးကူညီအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တောတိုက်အချို့မှာ နေထိုင်သူတွေဖြစ်တာကြောင့် တဲအနီးမှာ စိုက်ပျိုးစားသောက်တာမျိုးရှိပေမယ့် လက်ရှိမှာ အလုပ်မရှိတော့တဲ့အတွက် ခြွေတာကာ အသီးအရွက်ကိုပဲ အားပြုစားကြပြီး အသားဟင်း စားရတဲ့အကြိမ်ရေဟာ တလမှာ ၃ ကြိမ်ဝန်းကျင်လောက်သာ ရှိတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ရှောင်တွေဟာ ဒီပဲယင်းနယ်ထဲက နေရာ ၇ နေရာလောက်မှာ အသီးသီးနေထိုင်နေကြပြီး ဒေသခံတွေရဲ့ နေအိမ်တွေမှာ မှီခိုနေထိုင်ကြရသူတွေရှိသလို ဘုန်းတော်ကြီးကျောင်းအနီးမှာ နေထိုင်ကြရသူတွေလည်းရှိပြီး အချို့ကတော့ တောတိုက်တွေထဲမှာ တဲထိုးကာနေထိုင်ကြရတာလို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ထောက်ပံ့ရေးအဖွဲ့တွေကပေးတဲ့ အဝတ်အထည်၊ စောင်၊  အိုးခွက်ပန်းကန် စတာတွေနဲ့ပဲ လက်ရှိမှာ ရပ်တည်နေကြတာလို့ ဆိုပါတယ်။

စစ်ရှောင်မိသားစုတွေကို ကူညီထောက်ပံ့လိုသူတွေအနေနဲ့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ Page မက်ဆင်ဂျာကနေ ဆက်သွယ်လှူဒါန်းနိုင်သလို အခြားအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်လှူဒါန်းနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #စစ်ရှောင် #အခက်အခဲ #စားသောက်နေထိုင်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10