ဒီပဲယင်းက မီးဘေးသင့်အိမ်ထောင်စု ၅၀၀ ကို သိန်း ၆၀၀ ကျော်ထောက်ပံ့

ဒီပဲယင်းက မီးဘေးသင့်အိမ်ထောင်စု ၅၀၀ ကို သိန်း ၆၀၀ ကျော်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတရွာက မီးဘေးသင့်ဒေသခံတွေကို ဇွန်လ ၁၉ ရက် နေ့လယ်ပိုင်းက ငွေကြေးထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။ 

အဆိုပါ မီးဘေးသင့်ဒေသခံတွေအတွက် အစားအစာ၊ နေထိုင်ရေးနဲ့ ကျန်းမာရေးအခက်အခဲတွေကို အကူအညီဖြစ်စေဖို့ သက်ဆိုင်ရာအလှူရှင်အဖွဲ့အစည်းတွေရဲ့ကိုယ်စား ငွေကျပ် သိန်း ၆၀၀ ကျော် (၆၇၅၀၀၀၀၀) ကို ထောက်ပံ့လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။ 

"စစ်ရှောင်တွေကို အဖွဲ့အစည်းတွေက လှူတာပါ။ အလှူရှင်တွေက မီးဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့ ရိက္ခာ၊ အမိုးအကာ၊ အသုံးအဆောင်နဲ့ ကျန်းမာရေးအတွက် ဝယ်ယူဖို့ ငွေသားလှူပေးခဲ့တာ” လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။

အိမ်ထောင်စု ၅၀၀ ရှိပြီး တအိမ်ထောင်ကို ၁၃၅၀၀၀ ကျပ်နှုန်း ထောက်ပံ့ပေးခဲ့တာဖြစ်သလို လှူဒါန်းတဲ့ အလှူရှင်အဖွဲ့အစည်းအမည်တွေနဲ့ ရွာအမည်ကိုတော့ လုံခြုံရေးအရထည့်သွင်းပြောကြားတာ မရှိပါဘူး။ 

အဆိုပါကျေးရွာကို ၂၀၂၂ ခုနှစ်၊ ဇွန်လအစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၅၀၀ ကျော်ပျက်စီးပြီး ဒေသခံ ၂ ထောင်ကျော် မီးဘေးသင့်ခဲ့ရတာပါ။ 

အဲ့ဒီအချိန်ကတည်းက ရွာသားတွေဟာ ရွာမီးလောင်ပြင်ထဲမှာပဲ ယာယီတဲအိမ်တွေ ဆောက်လုပ်နေခဲ့ကြရတာလို့ သိရပါတယ်။ 

ဒါ့အပြင် ဒီပဲယင်းမြို့နယ်အတွင်းမှာ ရွှေဘိုနယ်ဘက်က တိမ်းရှောင်လာတဲ့ စစ်ရှောင်တွေလည်းရှိနေပြီး နီးစပ်ရာကျေးရွာတွေမှာ တဲထိုးနေထိုင်တာ၊ အဆောက်အဦအချို့မှာ စုပေါင်းနေထိုင်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ 

ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဟာ တော်လှန်ရေးကာလတလျှောက် မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့ နေအိမ်ဆောက်ဖို့ ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ၊ ကျန်းမာရေးဆေးဝါးတွေနဲ့ အလှူငွေတွေကို ကူညီချိတ်ဆက်ပေးနေတဲ့ အဖွဲ့တခုဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #စစ်ရှောင် #မီးဘေးသင့် #သိန်း၆၀၀ကျော် #ငွေကြေးလှူဒါန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10