ဒီပဲယင်းတိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ဦးခန့်သေဆုံးနိုင်ပြီး PDF ၇ ဦး ဒဏ်ရာရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တွေကို သြဂုတ်လ ၂ ရက်မှာ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီပဲယင်းနယ်နဲ့ ရေဦးနယ်ဘက်ကနေ ပူးပေါင်းလာတဲ့ အင်အား ၁၃၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းက ဒီပဲယင်းနဲ့ ၆ မိုင်ကျော်ကွာဝေးတဲ့ မရကန်ရွာကို စစ်ကြောင်းထိုးလာချိန် မနက် ၁၁ နာရီခွဲခန့်မှာ နှစ်ဘက်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင် သေဆုံးနိုင်သလို ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဘက်က နေရာစုံမှာ လူခွဲစောင့်ပြီးတိုက်ခိုက်ခဲ့တယ်။ စစ်သားတွေက ရွာထဲကို လူစုခွဲခွဲပြီး ဝင်လာကြတာ။ နောက်ကဝင်လာတဲ့အဖွဲ့ကို မိုင်း ၅ လုံးပွိုင့်ခွဲခဲ့တယ်။ ၃ ဦးက မြောက်တက်သွားပြီးတော့ ၇ ဦးကလည်း လဲကျနေတာ မြင်လိုက်ရတယ်။ ၁၀ ဦးလောက်သေဆုံးပြီး ဒဏ်ရာရတာတွေလည်း များတယ်"လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်တပ်က ရမကန်ရွာထဲဝင်လာချိန်မှာ RPG၊ ၄၀ မမ၊ ၆၀ မမ တွေနဲ့ပစ်ပြီးဝင်လာကြရာ တိုက်ပွဲကြာမြင့်ချိန် ၁ နာရီခွဲခန့်ရှိခဲ့ပြီး စစ်အုပ်စုဘက် ထိခိုက်သေဆုံးတာကို အတိကျမသိရသေးဘဲ ပူးပေါင်းတပ်ဖွဲ့ဝင် ၇ ဦးကတော့ ဒဏ်ရာရခဲ့ပြီး စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO) (Shwebo Justice Force)၊ ရွှေဘိုခရိုင်တပ်ရင်း ၉၊ ရွှေဘိုခရိုင်တပ်ရင်း ၁၂၊ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ သြဂုတ် ၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မရကန်ကျေးရွာကနေအိမ် ၁၀ လုံးကို မီးရှို့ဖျက်စီးခဲ့ပြီး ဒီပဲယင်းမြို့ဘက် ပြန်သွားတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဒီပဲယင်း #တိုက်ပွဲ #စစ်ကောင်စီစစ်ကြောင်း #စစ်သား #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10