ဒီပဲယင်းနယ်က မရကန်ရွာကို စစ်ကောင်စီမီးရှို့

ဒီပဲယင်းနယ်က မရကန်ရွာကို စစ်ကောင်စီမီးရှို့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက သြဂုတ် ၂ ရက် ဒီညနေ ၄ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ရေဦးနယ်ဘက်ကနေ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး ဒီနေ့လယ် ၁၂ နာရီလောက်မှာ အင်အား ၁၀၀ ကျော်နဲ့ မရကန်ရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

 “အဲဒီစစ်**တွေ မနေ့ညက ပိဋကတ်ကျရွာမှာ အိပ်တယ်။ ဒီနေ့မနက်မှ မရကန်ရွာထဲကို လက်နက်တွေပစ်ဖောက်ပြီး ဝင်လာတယ်။ မရကန်ရွာက အခုလိုမီးရှို့ခံရတာ သုံးလေးကြိမ်လောက်တော့ရှိပြီ။ ၂၀၂၂ ခုနှစ်ကတည်းက။” လို့ ဒီပဲယင်းမြို့ခံတဦးက ပြောပါတယ်။

နေအိမ်ပျက်စီး ဆုံးရှုံးမှုအရေအတွက်ကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

အဲ့ဒီစစ်ကောင်စီအဖွဲ့တွေဟာ မရကန်ရွာကို မဝင်ခင်မှာလည်း ၈၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဲ့ဒီရွာက ကိုနိုင်နဲ့ မချောစုဝင်း (ဗိုက်ကြီးသည်) လင်မယားနှစ်ဦးကို ကျည်ထိမှန်ခဲ့သေးတယ်လို့လည်း သိရပါတယ်။ 

မရကန်ကျေးရွာ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉ ရက်ကလည်း မရကန်ကျေးရွာက နေအိမ် ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။

ပုံစာ - ဒီပဲယင်းနယ်အတွင်း တိမ်းရှောင်းနေရသည့် ဒေသခံပြည်သူများ။ 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #ဒီပဲယင်း #မရကန် #စစ်ကောင်စီ #မီးရှို့ #သတင်း #လက်နက်ကြီး #ပြည်သူ #ထိမှန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10