ဒီပဲယင်းနဲ့ ချောင်းဦးနယ်ကို စစ်တပ်က လေကြောင်းသုံးပစ်ခတ်

ဒီပဲယင်းနဲ့ ချောင်းဦးနယ်ကို စစ်တပ်က လေကြောင်းသုံးပစ်ခတ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာအချို့ကို စစ်ကောင်စီဘက်က လေကြောင်းသုံး ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာအချို့ကို စက်တင်ဘာ ၂၆ ရက် ဒီမနက် ၁၀ နာရီ ၂၀ မိနစ်လောက်မှာ စစ်ကောင်စီက လေကြောင်းသုံးပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

လက်ယက်ကုန်း၊ မူးခတွင်း၊ သစ်တုံ၊ ညောင်လှနဲ့ ညောင်ဇီးကုန်းရွာတွေဘက်ကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ တက်လာတဲ့ Mi 35 ရဟတ်ယာဉ် ဗုံးကြဲချတာတွေအပြင် လက်နက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာပါ။ 

"မနေ့ (စက်တင်ဘာ ၂၅)ကတည်းက စစ်ကြောင်းထိုးလာတဲ့ သူတို့ (စကစ)တပ်ကို PDF တွေက ကြားဖြတ်တိုက်မှာစိုးပြီးတော့ လေယာဉ်နဲ့လာပစ်တာ။ ဒေသခံတွေတော့ အကုန်ရှောင်ပြေးနေကြတယ်"လို့ ဒေသခံအမျိုးသားက ပြောပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၇၁ ခြေလျင်စစ်ကြောင်းကလည်း စက်တင်ဘာ ၂၅ ရက်မနေ့ကတည်းက ဒီပဲယင်းမြို့နယ်နဲ့ ရေဦးအစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးပုန်းရှောင်နေရပြီး ရေနဲ့ အခြေခံစားသောက်ကုန်တွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်တွေကို ကူညီနေသူတဦးက ပြောပါတယ်။

ဒါ့အပြင် ဒီနေ့လယ် ၁ နာရီလောက်မှာလည်း ချောင်းဦးမြို့နယ်ထဲက မင်းတည်၊ မင်းခေါင်နဲ့ မန်ကျီးခွကျေးရွာဘက်တွေကိုပါ စစ်ကောင်စီက လေကြောင်းကနေ ထပ်မံပစ်ခတ်ခဲ့ပါတယ်။ 

“အဲ့ဒီရွာ ၃ ရွာက ကပ်လျက်ပါပဲ။ လေကြောင်းလာမှန်းမသိတော့ ကြိုတင်ရှောင်တာမျိုးမရှိဘူး၊ လေယာဉ်လာမှ တခါတည်းပြေးကြတာ အခုချိန်ထိ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေတော့ မကြားရသေးဘူး” လို့ ချောင်းဦးဒေသခံတဦးက ပြောပါတယ်။

မုံရွာ နမခ ကတက်လာတဲ့ Mi 35 ရဟတ်ယာဉ်တစီးက ပစ်ခတ်ခဲ့တာဖြစ်သလို ပစ်ခတ်မှုဖြစ်ပြီး ၁ နာရီလောက်အကြာမှာတော့ နောက်ထပ် Mi 17 ရဟတ်ယာဥ်တစီး ထပ်မံရောက်ရှိလာကာ အထက်ပါ ကျေးရွာ ၃ ရွာမှာ စစ်သားတွေချထားခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

ဒေသခံကာကွယ်ရေးတပ်တွေကြောင့် မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေမှာ အထိနာနေတဲ့ စစ်ကောင်စီဟာ လေကြောင်းကို အဓိကအားထား တိုက်ခိုက်မှုတွေလုပ်လာသလို အရပ်သားပြည်သူ၊ ကျေးရွာ၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အဦတွေကိုပါ တိုက်ခိုက်ဖျက်ဆီးတာတွေပါ လုပ်ဆောင်လျှက်ရှိနေပါတယ်။ 

ဥာဏ်လင်းသစ် သုသေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၉၅ ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #စစ်ကောင်စီ #လေကြောင်း #တိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10