ဒီပဲယင်းမြို့က စစ်တပ်ရဲ့နေရာ ၅ ခုကို တပြိုင်နက်တိုက်ခိုက်ခံရလို့ ဒဏ်ရာရသူတွေရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်က စစ်တပ်အထိုင်ချထားတဲ့နေရာ ၅ ခုကို ကာကွယ်ရေးတပ်ဖွဲ့က တချိန်တည်းမှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့  Freedom Revolution Force တပ်ဖွဲ့ဆီက သိရပါတယ် ။

စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ ဒီပဲယင်းမြို့ပေါ်က ပုပ္ပါရုံဘုန်းကြီးကျောင်း၊ ဇွဲတိုက်(ယခင်က စားသောက်ဆိုင်)၊ ရွှေဇာလီဘုရား၊ အထက စာသင်ကျောင်းနဲ့ ကုန်းသာဦးဘုရား စတဲ့နေရာ ၅ ခုကို လူစုခွဲပြီး စက်တင်ဘာ ၁၇ ရက် မနက် ၁၀ နာရီကနေ ည ၇ နာရီအထိ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ Freedom Revolution Force တာဝန်ခံက ပြောပါတယ်။

“သူတို့ မြို့ထဲမှာပဲနေတာ။ ကျနော်တို့ အရင်တခါစခန်းသိမ်းပြီး အခု ပြန်နေတာဆို ၁ လလောက်တော့ ရှိသွားပြီ။ တနေရာမှာ အင်အား ၂၀ လောက်ရှိတယ်။ ပစ်ခတ်မှုအတွင်း သူတို့ဘက်ကလူတွေကို ဆွဲခေါ်သွားတာတွေကို မျက်မြင်တွေ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။ ” လို့ Freedom Revolution Force ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ အဆိုပါနေရာတွေကနေ ထွက်ပြေးတိမ်းရှောင်သွားပြီ စက်တင်ဘာ ၁၈ ရက်မှာတော့ ရွှေဇာလီဘုရားအနီးမှာ ပြန်လည်အထိုင်ချထားတယ်လို့လည်း ဆိုပါတယ်။

“မြို့ပေါ်မှာ ပြည်သူတွေက အတော်နည်းသွားပြီ မရှိသလောက်ပဲ။ ကျနော်တို့ အရင်တခါစခန်းသိမ်းပြီးကတည်းက ပြည်သူတွေ ပြန်မဝင်ရဲကြတော့တာ။ ပြည်သူတွေပြန်ဝင်လာရင်လည်း သူတို့က လက်နက်တွေနဲ့ ပစ်တာတွေလုပ်တယ်။ အခုကောက်စိုက်တွေဘာတွေလည်း ပြည်သူတွေက ကြောက်ကြောက်လန့်လန့် နဲ့ လုပ်နေရတာ။” လို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။

ဒီနေ့စက်တင်ဘာ ၁၉ ရက်မနက် ၁၁ နာရီလောက်မှာလည်း ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်သားတွေဟာ မြို့ပေါ်က နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်ကနေ ၁၈ ရက်အထိဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်က ၁၈ ဦးသေကာ ၁၀ ဦးဒဏ်ရာရရှိသလို Non CDM ဝန်ထမ်း ၄၀ ဦး ၊ အချုပ်သား ၂၀ ဦးနဲ့ပြည်သူ ၇၂ ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #စစ်တပ် #စခန်း #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10