ဒီပဲယင်းမြို့တွင်းက စစ်တပ်အထိုင်ချနေရာကို PDF တွေက ၆၀ မမနဲ့ သွားရောက်ပစ်ခတ်

ဒီပဲယင်းမြို့တွင်းက စစ်တပ်အထိုင်ချနေရာကို PDF တွေက ၆၀ မမနဲ့ သွားရောက်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အတွင်း အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၂၀ ရက် မနေ့က မနက် ၁၁ နာရီကျော်လောက်မှာ ၆၀ မမတွေနဲ့ သွားရောက် ပစ်ခတ်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၂၄ ဆီကသိရပါတယ်။

ဒီပဲယင်းမြို့ထဲက ရဲစခန်း၊ ဆရာစံခန်းမ၊ အုတ်ကျောင်းတို့မှာ အင်အား ၂၀၀ နီးပါးနဲ့  အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို  ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်လုပ် ၆၀ မမ ၁၅ လုံးနဲ့ တပြိုင်တည်း သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“သူတို့ကို မီတာ ၁,၅၀၀ လောက်အကွာမှာ သွားပစ်ခဲ့တယ်။ ထိခိုက်မှုတော့ ရှိနိုင်တယ်။ ကျနော်တို့ ပစ်လိုက်တဲ့ အချိန်မှာ မီးခိုးလုံးတွေလည်း တက်သွားတာတွေ့တယ်။ ပစ်မှတ်လည်း တိတိကျကျ ရောက်တယ်။ သူတို့ဘက်ကတော့ ကျနော်တို့ကို ပြန်ပစ်တာမျိုးမရှိဘူး” လို့ ရွှေဘိုခရိုင်တပ်ရင်း ၂၄ မှ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

ဒီပဲယင်းမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဆရာစံခန်းမနဲ့ အုတ်ကျောင်းတို့မှာ အထိုင်ချထားတဲ့အတွက် အခုလိုသွားရောက် ပစ်ခတ်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၂၄ ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၃ ၊ Freedom Revolution Force (FRF) နဲ့ နယ်မြေခံပကဖအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ 

အောက်တိုဘာ ၁၈ ရက်ကလည်း ရေဦးမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မစိုးရိမ်ရွာတွင် အထိုင်ချထားစဉ် ရွှေဘိုခရိုင်တပ်ရင်း ၂၄ က ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

ဒီနေ့မနက်မှာတော့ အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဒီပဲယင်းမြို့ထဲကနေ ထွက်သွားပြီး ဒီပဲယင်းမြို့နယ်ထဲက ဝပါရွာထဲကို ထပ်မံဝင်ရောက်သွားပြီး အဲ့ဒီရွာက နေအိမ်တွေကို မီးရှို့နေတယ်လို့လည်း ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့ #စစ်ကောင်စီ  #PDF #၆၀မမ #ရွှေဘိုခရိုင် #တပ်ရင်း၂၄ #သတင်း #မြေလတ်သတင်း #ပစ်ခတ်တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10