ဒီပဲယင်းမြို့လယ်မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၁ ဦး လက်နက်နဲ့ဖမ်းဆီးခံရ    ■ ပစ်ခတ်မှုတွေအပြီး စစ်ကောင်စီဘက်က မြို့ကိုဗုံးကြဲ

ဒီပဲယင်းမြို့လယ်မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၁ ဦး လက်နက်နဲ့ဖမ်းဆီးခံရ ■ ပစ်ခတ်မှုတွေအပြီး စစ်ကောင်စီဘက်က မြို့ကိုဗုံးကြဲ

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ ကုန်းသာဦးဘုန်းကြီးကျောင်းကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ဒီပဲယင်းမြို့လယ်မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၁ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အဖြူရောင် D.P.Y တပ်ဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက် မနေ့ကမနက် ၈ နာရီလောက်ကစပြီး ၁ နာရီဝန်းကျင်လောက် ပစ်ခတ်မှုဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦးဒဏ်ရာရခဲ့တဲ့အပြင် စစ်သား ၁ ဦးကိုလည်း လက်နက်နဲ့အတူဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

“ဒဏ်ရာရတဲ့ ၂ ယောက်ထဲမှာ ၁ ယောက်ကတော့ စိုးရိမ်ရတယ်။ ဒီကောင်တွေက ကျနော်တို့ပစ်ကွင်းထဲကိုရောက်လာတယ်။ ဖမ်းဆီးရမိတဲ့ကောင်က ရှေ့ဆုံးကတက်တာ။ ကျနော်တို့ပစ်လိုက်တော့ သူ့နောက်ကကောင်တွေက ပြန်ပြေးသွားတယ်။ ဒီကောင်က ကျနော်တို့အနီးနားမှာ ဝပ်နေခဲ့တာ။ သူဝပ် နေတာကို ကျနော်တို့တွေ့တဲ့အချိန် သေနတ်နဲ့ထောက်ပြီးတော့ ဖမ်းလိုက်တာ။” လို့ အဖြူရောင် D .P .Y တပ်ဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။

အဖမ်းခံရသူဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က တပ်သား မောင်ဇော်ဇော်လှိုင်ဖြစ်ပြီး သူနဲ့အတူ MA1 ၁ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကာ လက်ရှိမှာတော့ ခင်ဦးပြည်သူ့လုံခြုံရေးအဖွဲ့ဆီ လွှဲပြောင်းထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါစစ်ကောင်စီတပ်သားဟာ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က စစ်ကောင်စီတပ်သား ၁ ဦး ဖြစ်ပါတယ် ။

အလားတူ အဲဒီနေ့ ည ၈ နာရီလောက်မှာလည်း ရွှေဇာလီဘုရားနဲ့ ကုန်းသာဦးဘုန်းကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီနီးပါး ထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၄၀ မမနဲ့ပစ်ခတ်တဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

“သူပစ်ကိုယ်ပစ်နဲ့ ပစ်ခတ်မှုက တော်တော်ကြာတယ်။ ကိုယ့်ဘက်က ကလေး ၂ ယောက်ထိတယ်။ ၄၀ စ, ထိမှန်တာ၊ မစိုးရိမ်ရဘူး။ အဲဒီဘုန်းကြီးကျောင်းမှာ သူတို့တပ်စွဲထားတာ ၃ လလောက်ပဲရှိသေးတယ်။ ပစ်ခတ်မှုမှာ သူတို့(စစ်ကောင်စီ)ဘက်က ထိခိုက်မှုကတော့ မြို့ပေါ်မှာပြည်သူတွေလည်းမရှိတော့ ကျနော်တို့လည်း တိတိကျကျမသိရတော့ဘူး။” လို့ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ် ၅ သတင်းတာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုကို ဒီပဲယင်း တိုက်နယ်  ၅ ပူးပေါင်းအဖွဲ့ နဲ့အတူ ရွှေဘိုတပ်ရင်း ၂၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အဲ့ဒီနောက် ည ၁၀ နာရီလောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၁ စီးနဲ့ ဒီပဲယင်းမြို့ပေါ်က ဘောလုံးကွင်းထဲကို ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ပေမယ့် လူအထိခိုက်မရှိဘူးလို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၈ ရက်ကလည်း တင်းတိန်ရံစျေး၊ ဓမ္မိကာရုံကျောင်းအနီးကို စစ်ကောင်စီ တပ်သားတွေက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ၈ လ နဲ့ ၆ နှစ်အရွယ် ကလေး ၂ ဦးနဲ့ မိခင်ဖြစ်သူတို့ သေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #တိုက်ပွဲ #သတင်း #ဒီပဲယင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10