ဒီပဲယင်းမှာ စားရေးခက်နေတဲ့ စစ်ရှောင်ပြည်သူတွေကို ရိက္ခာနဲ့ငွေကြေးထောက်ပံ့

ဒီပဲယင်းမှာ စားရေးခက်နေတဲ့ စစ်ရှောင်ပြည်သူတွေကို ရိက္ခာနဲ့ငွေကြေးထောက်ပံ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ တခြားဒေသက လာရောက်စစ်ရှောင်နေရပြီး စားရေးခက်နေတဲ့သူတွေကို ယမန်နေ့ ဩဂုတ်လ ၂ ရက်က ရိက္ခာနဲ့ငွေကြေးတချို့ထောက်ပံ့ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ထံက သိရပါတယ်။

ဒီပဲယင်းနယ်ရှိ စစ်ရှောင်စခန်းတွေကို ဇူလိုင်လနှောင်းပိုင်းမှာ ရွှေဘို၊ ရေဦးနဲ့ ဒီပဲယင်းက စစ်ရှောင်လာကြတာဖြစ်ပြီး၊ စစ်ရှောင်တွေစားသောက်ဖို့ခက်ခဲနေတာကြောင့် ဟင်းသီးဟင်းရွက်၊ ဆီ၊ ငွေ တို့ကိုထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

"Camp ၅ ခုကို ထောက်ပံ့ခဲ့ပါတယ်။ ဆီ၊ ငွေ နဲ့အသီးအနှံတွေ ကူညီခဲ့တာပါ။ တချို့စစ်ရှောင်တွေဆို လူချည်းပဲပြေးလာရတာတွေရှိတယ်။ စားဖို့က အရင်ဦးဆုံးခက်ခဲနေလို့ အခုလိုကူညီထောက်ပံ့ရတာပါ။ လူတွေကတော့ စုဖွဲ့နေတာရော လမ်းဘေးမှာရောဖြစ်သလိုနေကြရတယ်" လို့ စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ရှောင်စခန်းတခုစီကို ငွေကျပ် ၂ သိန်း၊ ဆီ ၂၀ ပိဿ၊ ဟင်းသီးဟင်းရွက် ၁ သိန်းဖိုးဝန်းကျင်နဲ့စစ်ရှောင်စခန်း ၅ ခုကိုကူညီပေးခဲ့တာလို့သူက ဆက်ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း စစ်ရှောင်စခန်း ၁၂ ခုကျော်ရှိပြီး၊ လူဦးရေ ၄၀၀၀၀ ကျော်လောက်ရှိရာ တချို့နေရပ်ပြန်ကြတဲ့သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူဖို့ အများပြည်သူတွေရဲ့အလှူငွေနဲ့ ကူညီခဲ့တာဖြစ်သလို၊ ဂျပန်နိုင်ငံမှ Help Myanmar Crowd Funding From Japan အဖွဲ့က မေ၊ ဇွန်၊ ဇူလိုင် ၃ လတာအတွင်း ငွေကျပ်သိန်း ၁၂၀ ကျော် အဓိက ကူညီထောက်ပံ့ပေးတယ်လို့ ပြောပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ဒီပဲယင်း #ရွှေဘို #ရေဦး #စစ်ရှောင် #ရိက္ခာ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10