ဒီပဲယင်းမှာ နှစ်နှစ်နီးပါးအထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေကို ထန်းသားနေအိမ်တွေ ဆောက်လုပ်ပေး

ဒီပဲယင်းမှာ နှစ်နှစ်နီးပါးအထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေကို ထန်းသားနေအိမ်တွေ ဆောက်လုပ်ပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက အနေကြာစစ်ရှောင်တွေကို နေအိမ်တွေဆောက်လုပ်လှူဒါန်းပေးနေတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ခံတဦးဆီကသိရပါတယ်။


ရွှေဘိုမြို့နယ်ထဲကနေ ဒီပဲယင်းမြို့နယ်ထဲကို လာရောက်နေထိုင် စစ်ရှောင်ကြရတဲ့ အိမ်ထောင်စု ၆၀၀ ခန့်ရှိပြီး သက်တမ်း ၆ လကနေ ၂ နှစ်ကြာသည်အထိ နေရပ်ကို မပြန်နိုင်ကြသေးတာလို့ သိရပါတယ်။

သူတို့ကို ထန်းသားတွေနဲ့ ထန်းလက်မိုးကာ ခေါင်အမြင့် ၁၅ ပေနဲ့ အခန်း ၃ ခန်းပါဝင်ပြီး ကုန်ကျငွေကျပ် ၂ သိန်းခွဲရှိ မြေစိုက်အိမ်တွေ ဆောက်လုပ်ပေးတာလို့ ဆိုပါတယ်။

“အဓိကဦးစားပေးက အားကိုးရာမဲ့ပြီးယာယီတဲထိုးကာ နေထိုင်ကြသူတွေနဲ့ သူများအိမ်မှာမှီခိုနေသူတွေကို ဆောက်လုပ်ပေးနေတာပါ။ သူများအိမ်မှာမှီခိုနေသူတွေကို ကြာလာတော့ အိမ်ရှင်တွေက မကြည်ဖြူကြတာတွေလည်း ရှိလာတယ်။ ဒါ့ကြောင့် လက်ရှိ အိမ် ၃ လုံး ဆောက်နေပါတယ်" လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

နေအိမ်ဆောက်လုပ်ရာမှာ ကျေးရွာထဲက အရပ်သားဦးဆောင်သူတွေဆီကို ကျသင့်ငွေပေးခဲ့တာဖြစ်ပြီး ၎င်းတို့ရပ်ရွာဓလေ့အရ မြေနေရာစီမံကာ ဆောက်လုပ်စေတာလို့ သူကဆက်ပြောပါတယ်။

စစ်ရှောင်တွေထဲမှာ ကျဆုံး PDF ရဲဘော်တွေရဲ့မိသားစုလည်းပါဝင်ပြီး အဲဒီအထဲက ပိုမိုခက်ခဲသူတွေကို ဦးစားပေးဆောက်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်ထဲက အနေကြာစစ်ရှောင်တွေကို နေအိမ်ဆောက်လုပ်ဖို့ဆက်သွယ်လှူဒါန်းလိုပါက ဒီပဲယင်းညီနောင်များ လူမူကွန်ယက်စာမျက်နာကနေ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

ဒီပဲယင်းစစ်ရှောင်ညီနောင်များအဖွဲ့ဟာ ဇူလိုင်လ ၄ ရက်ကလည်း မြို့နယ်အတွင်းရှိ စစ်ရှောင်အိမ်ထောင်စု ၁၄ စုကို တအိမ်ထောင်လျှင် ဆန် ၆ ပြည်နဲ့ အဝတ်အထည်တွေကို အလှူရှင်တွေရဲ့ ကိုယ်စား ပေးအပ်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်း #ရွှေဘို #စစ်ရှောင်ပြည်သူ #နေထိုင်ရေး #ခက်ခဲဖြစ်ပေါ်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10