ဒီပဲယင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး ကလေးငယ် ၃ ဦး လက်နက်ကြီးထိမှန်ထား

ဒီပဲယင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး ကလေးငယ် ၃ ဦး လက်နက်ကြီးထိမှန်ထား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးပစ်ခတ်နေပြီး ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ထားတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူသုံးဦးမှာ မသိမ့်ရတာနာစိုး(ခ)မဖွေးဖွေး အသက် ၁၁ နှစ်ဖြစ်ပြီး ဗိုက်ပေါက်ထွက်ခဲ့သလို မောင်အောင်ငွေဖြိုး အသက် ၁၄ နှစ်မှာ နောက်ကျောလက်နက်ကြီးစ ဖောက်ဝင်ပြီး ဒူးခေါင်းထိခိုက်ခဲ့ပြီး ကျန်ကလေးငယ်တဦးကတော့ လက်ပွန်းပဲ့-အသေးစားဒဏ်ရာရရှိခဲ့တယ် လို့ဆိုပါတယ်။

စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ဒီဇင်ဘာလ ၂၃ ရက်မှာ ဒီပဲယင်းမြို့နယ်၊ အနောက်တောင်ဘက်ခြမ်းကျေးရွာတွေကို ဝင်ရောက်လာသလို လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဒီပဲယင်းမြို့နယ် ကြည်ဘုရားထွက်ကျေးရွာအတွင်းကျရောက်ပြီး ကလေးငယ်သုံးဦးလက်နက်ကြီးထိမှန်ခဲ့သလို ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

"ကလေးတွေအပြင် နွားတွေလည်းထိမှန်ခဲ့တယ်၊ ခုကတော့ အားလုံးပြေးနေရလို့ စာရင်းအတိအကျမသိနိုင်သေးဘူးလို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာဒီဇင်ဘာလအတွင်းမှာပဲ ဒီပဲယင်းမြို့နယ် ချောင်းပေါက်ကျေးရွာကနေအိမ် ၃၂ လုံး ကိုမီးရှို့ဖျက်ဆီးသွားခဲ့သလို ဒီဇင်ဘာလ ၂၂ ရက်ကလည်း ပျံကျရွာကို မီးဝင်ရှို့သွားခဲ့ကြောင်း သိရပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်အထိ ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူနေအိမ် ၁၇၀၀ ကျော်မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အာဏာသိမ်းပြီးချိန်ကစလို့ ၂ နှစ်နီးပါး ကာလအတွင်း မီးရှို့ဖျက်ဆီးခံရမှု နေအိမ် ၃၀၀၀ ကျော်သွားပြီလို့ဆိုပါတယ်။

ဒီဇင်ဘာလအတွင်း စစ်ကြောင်းထိုးဖျက်ဆီးမှုတွေကြောင့် မုံရွာ - ဒီပဲယင်း - ရေဦး ကားလမ်း ယာဥ်များအသွားအလာတွေရပ်နားပေးကြဖို့လည်း ဒေသတွင်းအဖွဲ့တွေက မေတ္တာရပ်ခံထားတယ်လို သိရပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10