ဒီပဲယင်းမှာ စစ်တပ်ရန်ကြောက်လို့ တောင်သူတွေ စပါးကိုရသမျှစျေးနဲ့ ရောင်းချနေရ

ဒီပဲယင်းမှာ စစ်တပ်ရန်ကြောက်လို့ တောင်သူတွေ စပါးကိုရသမျှစျေးနဲ့ ရောင်းချနေရ

စစ်ကိုင်းတိုင်၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းက တောင်သူတွေဟာ စစ်တပ်ရန်ကို ကြောက်ရတာကြောင့် စပါးရိတ်သိမ်းပြီးတာနဲ့ ရတဲ့ဈေးနဲ့ စပါးတွေကို ရောင်းချနေကြရတယ်လို့ ဖေဖော်ဝါရီ ၅ ရက်မှာ ဒေသခံတောင်သူတွေက ပြောပါတယ်။ 

အညာဒေသမှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်ဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ ပိုင်ဆိုင်သမျှ ပစ္စည်းနဲ့ ဆန်စပါးတွေကို နည်းလမ်းမျိုးစုံနဲ့ ခိုးယူဖျက်ဆီးတာတွေ လုပ်နေတာကြောင့် ဒီပဲယင်းမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေးဟာ စစ်တပ်ရန်ကိုကြောက်ပြီး ရိတ်သိမ်းထားတဲ့ စပါးတွေကို ရရာဈေးနှုန်းနဲ့ ရောင်းချနေကြရတယ်လို့ ဆိုပါတယ်။ 

"ဒီအချိန်က ကျနော်တို့လက်ထဲ ဘာမှထားလို့ မရပါဘူး။ စစ်တပ်က ရိက္ခာအတွက် စပါးကိုယူတယ်။ ဖျက်ဆီးပစ်တာ မီးရှို့တာတွေ လုပ်တယ်။ ရွှေ၊ ငွေလည်း လုယက်တာခံရတယ်" လို့ စစ်တပ်ရဲ့ မီးရှို့ခြင်းခံရတဲ့ ဒီပဲယင်းမြို့ နယ်ထဲရှိ ကျေးရွာတရွာမှ ဒေသခံတဦးက ပြောပါတယ်။ 

ဒီပဲယင်းနယ်မှာ ရွှေဘိုပေါ်ဆန်းကို အဓိကထားစိုက်ပျိုးကြရာ စပါးပေါ်ချိန်မှာ စပါးတင်း ၁၀၀ ကို ၃၃ သိန်း စျေးရှိခဲ့ရာက လက်ရှိမှာ စပါးတင်း ၁၀၀ ကို ၃၇ သိန်း ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ 

တောင်သူတွေအနေနဲ့ စပါးဈေးကောင်းရမယ့်အချိန်ကို မစောင့်နိုင်ဘဲ စစ်တပ်ရန်ကြောက်တာကြောင့် စပါးပေါ် ချိန်မှာ ရရာဈေးနှုန်းနဲ့ ရောင်းချခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ်က စစ်ကြောင်းတွေ ထိုးနေတာကြောင့် စပါးစိုက်ပျိုးကြတဲ့တောင်သူတွေဟာ စစ်ရှောင်ထွက်ပြေးရတာတွေရှိပြီး ပိုးသတ်ဆေးဖြန်းတာ၊ ဓာတ်မြေသြဇာကျွေးတာ၊ ပေါင်းနှုတ်၊ ရေသွင်းတဲ့ကိစ္စတွေကို ပုံမှန်မလုပ်နိုင်တဲ့အတွက် အရင်က တဧကတင်း ၈၀ ကျော် ထွက်ရာက အခုနှစ်မှာ တင်း ၆၀ ခန့်သာ ထွက်ရှိတယ်လို့ ဆိုပါတယ်။

တောင်သူတွေဟာ စပါးနဲ့ တခြားသီးနှံတွေ ရိတ်သိမ်းရောင်းချပြီး လက်ထဲငွေရှိနေချိန်မှာလည်း ရွှေ၊ ငွေ ပစ္စည်းတွေ စုဆောင်းထားတာကို စစ်တပ်က ခိုးယူလုယက်တာတွေရှိသလို မပေးနိုင်ပါက လူတွေကို သတ်ဖြတ်တာတွေပါ လုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း စစ်တပ်အင်အား ၈၀ ကျော်နဲ့ ဒီပဲယင်းမြို့အရှေ့ဘက် ၃ မိုင်ခွဲခန့်ကွာဝေးသော မဲအိုးကျေးရွာကို ဝင်လာပြီး ကျေးရွာနေ ပြည်သူ ၁၄ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးအား ကိုယ်လက်အင်္ဂါများဖြတ်တောက်နှိပ်စက်ကာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #စစ်ကောင်စီ #ရိက္ခာစပါးခိုးယူ # မီးရှို့ဖျက်ဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10