ဒုတပ်ကြပ်အဆင့် ရဲမေ ၁ ဦး YPDF ဆီအလင်းဝင်

ဒုတပ်ကြပ်အဆင့် ရဲမေ ၁ ဦး YPDF ဆီအလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေစိုက်၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - YPDF အဖွဲ့ဆီကို ဒုတပ်ကြပ်အဆင့်ရှိ ရဲမေ ၁ ဦးအလင်းဝင်လာတယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။ 

အလင်းဝင်လာသူဟာ ချင်းပြည်နယ်၊ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံးမှာ ၈ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၃၀ အရွယ် ရဲမေတဦးဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာလလယ်လောက်မှာ အလင်းဝင်လာခဲ့ပေမယ့် မိသားစုလုံခြုံရေးအရ ၂၀၂၄ ဧပြီ ၁၀ ရက်မှ သတင်းထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။ 

"(အလင်းဝင်ရဲမေက) ယောဒေသခံတယောက်ပါ။ သူ့ရဲ့မိဘတွေက အကူအညီတောင်းလာလို့ ကယ်ထုတ်ခဲ့ရတယ်။ ရဲမေမှာ လက်နက်ခဲယမ်းပစ္စည်း ပါမလာပါဘူး" လို့ YPDF တပ်ဖွဲ့ ဥက္ကဌ ကိုယောလေး ကပြောပါတယ်။

ချင်းပြည်နယ်ရဲတပ်ဖွဲ့မှာ အမျိုးသမီးရဲမေတွေကို လက်နက်ကိုင်ဆောင်ခိုင်းတာမရှိသလို ရဲမေ ကိုယ်တိုင်လည်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုတဲ့ ဆန္ဒမရှိတာကြောင့် အလင်းဝင်လာတာလို့ ရဲမေရဲ့ပြောပြချက်ကို ကိုယောလေးက ပြန်ပြောပြပါတယ်။

အဲဒီရဲမေကို ခေါ်ဆောင်ရာမှာ ချင်းအမျိုးသားကာကွယ်ရေးတပ် - CNDF၊ ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ ခေါ်ဆောင်ကယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အလင်းဝင်လာသူရဲမေဟာ လက်နက်ကိုင်တပ်ဖွဲ့မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် သူရဲ့သဘော ဆန္ဒအရ သက်ဆိုင်ရာမြို့နယ်နဲ့ ရပ်ကျေး ပအဖ အဖွဲ့ကိုဆက်သွယ်ကာ လွှဲပြောင်းပေးခဲ့တယ်လို့ ကိုယောလေးက ပြောပါတယ်။ 

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း YPDF အဖွဲ့ဆီကို ရဲ ၃ ဦး၊ လက်နက်ကိုင်မဟုတ်တဲ့ အခြားဝန်ထမ်း ၁ ဦးနဲ့ ပျူစောထီးကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်လာသူ ၁၀၀ ဦးခန့်ရှိပြီး အလင်းဝင်လာသူတွေကို တပ်ဖွဲ့ရဲ့ စည်းကမ်းဥပဒေတွေနဲ့အညီ စုံစမ်းစစ်ဆေးမေးမြန်းပြီး ကာယကံရှင်တွေရဲ့ဆန္ဒအတိုင်းကူညီပေးထားတယ်လို့ သိရပါတယ်။

ပုံစာ - အလင်းဝင်လာသူ ဒုတပ်ကြပ်ရဲမေ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စစ်ကောင်စီ #ရဲတပ်ဖွဲ့ဝင် #ပြည်သူ့ရင်ခွင်ခိုလှုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10