ဒုရဲတပ်ဖွဲ့မှူးရဲ့သမီးဖြစ်သူ တရားရုံးစာရေးမ ပေါင်းတည်မြို့လယ်ခေါင်မှာ ဆိုင်ကယ်နဲ့ရွှေထည်ပစ္စည်းတွေ လုယက်ခံရ

ဒုရဲတပ်ဖွဲ့မှူးရဲ့သမီးဖြစ်သူ တရားရုံးစာရေးမ ပေါင်းတည်မြို့လယ်ခေါင်မှာ ဆိုင်ကယ်နဲ့ရွှေထည်ပစ္စည်းတွေ လုယက်ခံရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ဒုတိယရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်ဇော်ထွန်းရဲ့သမီးဖြစ်သူ မေ ၁၄ ရက် မနေ့မွန်းလွဲ  ၂ နာရီဝန်းကျင်မှာ  ဆိုင်ကယ်၊ နားကပ်နဲ့ လက်ကိုင်ဖုန်းတို့ လုယက်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လုယက်ခံရသူအမျိုးသမီးမှာ ပေါင်းတည်မြို့လယ်ခေါင် သကျမုနိမိုဃ်းကောင်းဘုရားကြီးဝန်း၊ မင်းသားကြီးရေကန်နံဘေးညောင်ပင်အနီးမှာ ၎င်းတဦးတည်းရှိနေချိန် ဟွန်ဒါကလစ်ဆိုင်ကယ်၊ နားကပ်တဖက်နဲ့ I Phone တို့ လုယက်ခံခဲ့ရတာလို့ ဆိုပါတယ်။

“ လုသွားတဲ့သူက ဆိုင်ကယ်ကို ဘွဲ့ပင်ကန်ရပ်ကွက်ထဲက လယ်ကွင်းအနီးမှာထားခဲ့လို့ ရဲက အဲဒါပဲ ပြန်သိမ်းနိုင်တယ်။ လုတဲ့သူတွေကို ဒီနေ့အထိတော့မမိသေးဘူး။ ဓါးထောက်လုတယ်လို့ ပြောတယ်” လို့  ပေါင်းတည်မြို့ခံတဦးက  မြေလတ်အသံကို ပြောပါတယ်။

လုယက်ခံရသူအမျိုးသမီးမှာ ၎င်းကိုယ်တိုင်လည်း စစ်ကောင်စီလက်အောက် နတ်တလင်းမြို့နယ်တရားရုံးစာရေးဝန်ထမ်းတဦးဖြစ်သလို ဖခင်ဖြစ်သူမှာပေါင်းတည်မြို့နယ် ဒုရဲတပ်ဖွဲ့မှူး၊ မိခင်မှာ ပေါင်းတည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်မြို့ခံတဦးကလည်း “မင်းသားကြီးရေကန်က မွန်းလွဲချိန်တွေမှာ လူပြတ်တဲ့အချိန်ပဲ။ အဲဒါကို အခွင့်ကောင်းယူသွားတာ။ ဒီဖြစ်ရပ်က ပေါင်းတည်မြို့မှာ ရဲမှူးသမီးတောင် မလုံခြုံဘူးဆိုတာကို သက်သေပြတာပါ ”လို့ ပြောပါတယ်။

ပေါင်းတည်မြို့နယ်မှာ နှစ်လုံးထီ၊ သုံးလုံးထီဒိုင်တွေလည်း ပေါများနေသလို WY ဆေးဖြန့်ချီသူတွေလည်း  ရှိနေကာ မြို့နယ်အတွင်းလုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဧပြီ၂၄ ရက် ည  ၇ နာရီလောက်ကလည်း ပေါင်းတည်မြို့နယ်နဲ့ နယ်မြေထိစပ်နေတဲ့ သဲကုန်းမြို့နယ်၊ ဝက်ပုတ်ရွာမှာ အသက် ၃၅ နှစ်ဝန်းကျင် LGBT တဦးအသတ်ခံရပြီး ရွှေထည်လက်ဝတ်ရတနာတွေ လုယူခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။ 

ပုံစာ - လုယက်ပြီး စွန့်ပစ်ခဲ့သည့် ဆိုင်ကယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပေါင်းတည် #ဒုရဲတပ်ဖွဲ့မှူး #ဒုရဲမှူး #တရားရုံစာရေးမ #လုယက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10