ဒု-ရဲတပ်ဖွဲ့မှူးသမီးဆီက ပစ္စည်းလုသွားသူတွေကို ၁ ပတ်ကြာအထိ မဖမ်းနိုင်သေး

ဒု-ရဲတပ်ဖွဲ့မှူးသမီးဆီက ပစ္စည်းလုသွားသူတွေကို ၁ ပတ်ကြာအထိ မဖမ်းနိုင်သေး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ဒုတိယရဲတပ်ဖွဲ့မှူး သမီးဖြစ်သူဆီက ပစ္စည်းလုယက်သွားသူတွေကို တပတ်ကြာတဲ့အထိ ဖမ်းဆီးနိုင်တာမရှိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

 မေလ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ပေါင်းတည်ရဲတပ်ဖွဲ့မှူးရဲ့သမီးဖြစ်သူဟာ မြို့လယ်ခေါင် သကျမုနိမိုဃ်းကောင်းဘုရားကြီးဝန်း၊ မင်းသားကြီးရေကန်အနီးမှာ တဦးတည်းရှိနေစဉ် ဆိုင်ကယ်၊ နားကပ်နဲ့ လက်ကိုင်ဖုန်း(I Phone)တွေ ဓားထောက်လုယက်ခံခဲ့ရတာဖြစ်ကာ ကျူးလွန်သူတွေကို တပတ်ကြာ မေလ ၂၁ ရက်အထိ ဖမ်းဆီးနိုင်တာမျိုး မရှိသေးတာပါ။

“ ဘလေး(ဒုရဲမှူး)သမီးကို လုသွားတဲ့တရားခံတွေကို ဒီနေ့ထိ မမိသေးဘူး။ တပတ်ပြည့်နေပြီ  ရဲတွေလည်းစုံစမ်းနေတုန်းလို့ပဲ ကြားတယ်။ ဆိုင်ကယ်ကတော့ လုတဲ့သူကထားပစ်ခဲ့လို့ ရဲတွေတွေ့သွားတာ သူတို့ရှာလို့ မဟုတ်ဘူး” လို့  ပေါင်းတည်မြို့ခံတဦးက ပြောပါတယ်။

လုယက်ခံရတဲ့  အမျိုးသမီးဟာ စစ်ကောင်စီလက်အောက် နတ်တလင်းခရိုင်တရားရုံးက စာ‌ရေးမတဦးဖြစ်ပြီး ဖခင်က ဒု-ရဲတပ်ဖွဲ့မှူးဖြစ်သလို  မိခင်ကလည်း ပေါင်းတည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အကြီးတန်းစာရေးလည်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိပေါင်းတည်မြို့မှာ စားဝတ်နေ‌ရေးကြပ်တည်းတာ၊ နှစ်လုံး၊ သုံးလုံးထီလောင်းကစားမှုတွေ ပေါများလာတာနဲ့  မူးယစ်ဆေးဝါးဖြန့်ချီသုံးစွဲမှု ပိုမိုများပြားလာတာတွေကြောင့် မြို့နဲ့တဝိုက်မှာ လုယက်မှုတွေ ယခင်ထက်ပိုမိုဖြစ်ပွားလာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ပေါင်းတည်မြို့နဲ့  ၅မိုင်အကွာ သဲကုန်းမြို့နယ်၊ဝက်ပုတ်ရွာမှာ ဧပြီလ ၂၄ ရက် ညပိုင်းက LGBTတဦးကိုသတ်ပြီး ရွှေထည်ပစ္စည်းတွေလုယက်သွားသူ ၂  ဦးကိုတော့ သဲကုန်းရဲက အခင်းဖြစ်ပြီး  ၄ ရက်အကြာ  ဧပြီလ ၂၈ ရက်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ -  ပေါင်းတည်မြို့မရဲစခန်း။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10