ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုများ ပဲခူး၊ ပြည် နဲ့ ပေါင်းတည်မြို့တို့မှာ ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုများ ပဲခူး၊ ပြည် နဲ့ ပေါင်းတည်မြို့တို့မှာ ပြုလုပ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပဲခူး၊ ပြည် နဲ့ ပေါင်းတည်မြို့တို့မှာ အသီးသီးပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယနေ့ ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ စစ်အာဏာရှင်စနစ်ကို မနှစ်သက်ကြတဲ့ ပြည်သူတွေ အချင်းချင်းစုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်ဖို့၊ ကျန်းမာဖို့ ဆုတောင်းပေးရင်း ပန်းသပိတ်ပြုလုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ဒီမနက် ပန်းသပိတ်မှာ ပါဝင်ပေးဖို့ ရှေ့ရက်တွေကတည်းက  ကျနော်တို့နဲ့ စိတ်တူကိုယ်တူ ခံယူချက်တူတဲ့ လူတွေစုပြီးတော့ ပန်းသပိတ်လုပ်ဖို့ တိုင်ပင်ဖြစ်တယ်။ စိတ်ပါဝင်စားသူတွေက ဒီမနက်မှာ ​ပူပေါင်းလုပ်ဆောင်ပေးခဲ့ကြတယ်။" လို့ ပဲခူးဒေသခံတဦးက ပြောပါတယ်။

ယနေ့ ပဲခူးပြည်သူတွေ ပြုလုပ်တဲ့ ပန်းသပိတ်မှာတော့ စျေးကဝယ်လာတဲ့ နှင်းဆီ၊ စံပယ်စတဲ့ ပန်းတွေကို ဘုရားမှာ ကပ်လှူပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းပေးကာ ပန်းတပွင့်ဆီ ပြန်စွန့်ပြီး ပန်းသပိတ်မှာ ​ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြည်မြို့မှာလည်း ပန်းသပိတ်လှုပ်ရှားအဖြစ် နှင်းဆီပန်းပန်ဆင်ကာ နွေဦးတော်လှန်ရေး သင်္ကေတ လက်သုံးချောင်းထောင် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ပေါင်းတည်မြို့မှာလည်း ပေါင်းတည် ၇/လူထုသပိတ် လူငယ်များက ကျေးရွာတရွာရဲ့ စေတီတဆူမှာ မွေးနေ့အတွက် ဆုတောင်းဝတ်ပြုတာနဲ့ စစ်အာဏာရှင်တော်လှန်ရေး စာရွက်တွေ ကပ်တာတွေကို ဇွန်လ ၁၈ ရက် ညနေက ပြုလုပ်ခဲ့တယ်လို့ အဲဒီလူငယ်တွေကပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက လူမှုစီးပွားဘဝ ကြပ်တည်းလာသလို၊ သွားလာလှုပ်ရှားရမှာလည်း လွတ်လပ်မှုမရှိတာကြောင့် စစ်အာဏာရှင် စနစ်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ချင်နေပြီလို့ ပဲခူးဒေသခံတွေက ဆိုကြပါတယ်။

 

#မြေလတ်အသံ

#ပဲခူး #ပြည် #ပေါင်းတည် #ပန်းသပိတ် #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #၇၈နှစ် #လူထုလှုပ်ရှားမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10