ဓားစားခံအဖြစ်ဖမ်းလာတဲ့ အမျိုးသား ၃ ဦးအပါ ၄ ဦးကို စစ်အုပ်စုကပစ်သတ်

ဓားစားခံအဖြစ်ဖမ်းလာတဲ့ အမျိုးသား ၃ ဦးအပါ ၄ ဦးကို စစ်အုပ်စုကပစ်သတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မန်ကျည်းတန်းရွာအရှေ့ဘက်ရှိ ထန်းတောထဲမှာ ဓားစားခံအဖြစ် ဖမ်းဆီးခေါ်လာတဲ့ အမျိုးသား ၃ ဦးအပါအဝင် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့သိရပါတယ်။

 

ဧပြီလ ၂၅ ရက်ဒီမနက် ၈ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာမြို့တဖက်ကမ်းရှိ ညောင်ပင်ကြီးကျေးရွာကနေ မန်ကျည်းတန်းရွာထဲကိုဝင်ရောက်လာပြီးနောက် ဖမ်းဆီးလာတဲ့ အမည်မသိ အမျိုးသား ၃ ဦးရဲ့ နံဖူး၊ ကျောနဲ့ ရင်ဘတ်တွေကို သေနတ်နဲ့ပစ်သတ်သွားတာလို့ ဆားလင်းကြီးဒေသခံတဦးက ပြောပါတယ်။

“သူတို့တွေက ညောင်ပင်ကြီးတောက်လျှောက်ရွာတွေကို သေနတ်တွေဖောက်ပြီး စစ်ကြောင်းထိုးတယ်။ အဲဒီကနေထွက်လာပြီး ဆားလင်းကြီးနယ်ထဲကို ဝင်တယ်။ လမ်းရိုးအတိုင်းမသွားပဲနဲ့ လယ်ကွင်းတွေဘက်ကနေ သူတို့အရင်သွားနေကျ လမ်းကြောင်းအတိုင်း သွားကြတယ်။ ဖောင်းကတာနဲ့ မန်ကျည်းတန်းကြားထဲမှာ အဲဒီ ၃ ယောက်ကို သတ်ပစ်ခဲ့တယ်။ အဲဒီ ၃ ယောက်က တခြားနယ်ဘက်ကနေ ဖမ်းခေါ်လာတဲ့သူတွေ ဖြစ်မယ်ဗျ၊ ကျနော်တို့ဘက်ကတော့ မဟုတ်ဘူ”လို့ ဆိုပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၃၀ ဝန်းကျင်ရှိပြီး၊ အလောင်းတွေကိုတော့ ဒီနေ့လယ် ၁ နာရီ ၁၅ မိနစ်လောက်မှာ ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်သလို သူတို့နဲ့ပက်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းပဲမှာ မြိုင်မြို့နယ်သားတဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ကိုဝင်းနောင်ဆိုသူနဲ့ ဆားလင်းကြီးမြို့နယ်၊ ရွှေလှေရွာတံတားထိပ်မှာ ထိပ်တိုက်တွေ့ချိန် သေနတ်နဲ့ ပစ်သတ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဆားလင်းကြီးမြို့နယ်ထဲက ရေခါးရွာထဲကို ဝင်ရောက်သွားကာ လက်နက်ပစ်ဖောက်သံတွေနဲ့ မိုင်းပေါက်ကွဲသံတွေလည်း ကြားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကလည်း ဆားလင်းကြီးနယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ ရွာ ၁၄ ရွာက ဒေသခံသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

ပုံစာ - စစ်အုပ်စုက ဖမ်းဆီးသတ်ခဲ့သည့် အမျိုးသား ၃ ဦး။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10