ဓားစားခံအဖြစ် ဖမ်းခံထားရတဲ့ မန်ကျည်းကန်ရွာသား ၁၄ ဦး ပြန်မလွတ်လာသေး

ဓားစားခံအဖြစ် ဖမ်းခံထားရတဲ့ မန်ကျည်းကန်ရွာသား ၁၄ ဦး ပြန်မလွတ်လာသေး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ရွာက ဒေသခံ ၁၄ ဦးကို စစ်ကောင်စီတပ်သားတွေက ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ဧပြီလ ၂၁ ရက်ဒီနေ့အထိ ပြန်မလွတ်လာကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မန်ကျည်းကန်ရွာသား ၁၄ ဦးထဲမှာ ဆေးကျောင်းတက်နေတဲ့ အမျိုးသမီးတဦးလည်း ပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ဧပြီလ ၁၉ ရက်မှာ ပျူစောထီးရွာလို့ လူသိများတဲ့ ကန်နီရွာကို ခေါ်ဆောင်သွားခဲ့တာလို့ မြိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။


“ကျနော်တို့လည်း ဒီသတင်းကို ဆက်သွယ်နေဆဲပဲ။ ကလေးတွေကိုတော့ မြိုင်မြို့ပေါ်မှာ ထားခဲ့တယ်လို့ ကြားတယ်။ သူတို့အဖွဲ့တချို့လည်း မြိုင်ထဲမှာရှိနေတော့ အဲဒီအဖွဲ့တွေနဲ့ ကလေးတွေကို ချန်သွားတယ်လို့ ထင်တယ်။ သူတို့ကတော့ မြိုင်မြို့နယ် အရှေ့မြောက်ဘက်မှာရှိတဲ့ ကန်ဘူးရွာထဲကို ဝင်သွားတယ်” လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဧပြီလ ၂၀ ရက်မှာလည်း မြိုင်မြို့အနောက်ဘက်မှာရှိတဲ့ ဆားထုံးကြွယ်ရွာကို ဝင်ရောက်သွားပြီး အဲဒီရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

မန်ကျည်းကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ဧပြီလ ၁၈ ရက် နေ့လယ် ၁၁ နာရီကျော်လောက်မှာ Mi 35 ရဟတ်ယာဉ်တစီး နဲ့ ကျေးရွာထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဆေးရုံအဆောက်အဦးတခုနဲ့ နေအိမ် ၄ လုံး၊ ကား ၂ စီး နဲ့ ဆိုင်ကယ် ၄ စီးတို့ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ဧပြီလ ၁၉ ရက်နေ့မှာတော့ အဲဒီကျေးရွာထဲကနေ ပြန်လည်မထွက်ခွာခင် ကျေးရွာ စာသင်ကျောင်းကိုလည်း လေယာဉ်နဲ့ လာရောက်ပစ်ခတ်သွားတဲ့အပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားခဲ့ပြီး အသက်မပြည့်သေးတဲ့ လူငယ်အမျိုးသားတဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ပုံစာ - လေယာဉ်နဲ့ပစ်ခတ်လို့ ပျက်စီးခဲ့သည့် မန်ကျည်းကန်ရွာမှ အိမ်များ။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10