သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားသလို ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီး ၁ ဦး ကိုလည်း မီးရှို့သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက် မနက် ၈ နာရီလောက်မှာ ဘုဘရွာကနေ အင်အား ၈၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အဲ့ဒီရွာနဲ့ ၁၅ မိနစ်သာ လမ်းလျှောက်ရတဲ့ နဂါးတွင်းရွာဘက်ကို ထွက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၃ နာရီနီးပါး ဖြစ်ပွားခဲ့ပါတယ်။
ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး ညနေ ၃ နာရီလောက်မှာ နဂါးတွင်းရွာက နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက် ဆီးသွားသလို လေဖြတ်နေတဲ့ ဒေါ်သန်းသန်းကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။
"ရွာသားတွေ အဖမ်းခံရတာမျိုးတော့ မရှိပါဘူး။ ထွက်မပြေးနိုင်လို့ ရွာထဲမှာ ကျန်ခဲ့တဲ့ အမျိုးသမီး ၁ ဦးကတော့ မီးရှို့ခံလိုက်ရတယ်" လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။
နဂါးတွင်းရွာကို မီးရှို့ပြီး ညနေ ၅ နာရီလောက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ အဲ့ဒီရွာ နဲ့ ၁ မိုင်လောက်ဝေးတဲ့ တောပုရွာထဲကို ပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ မအူဂိတ်ကနေလာတာဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်မှာ တောပုရွာထဲကိုဝင်သွားကာ အဲဒီကနေတဆင့် လယ်တောရွာနဲ့ ဘုဘရွာထဲကို ဝင်ရောက်ခဲ့တာပါ။ ဘုဘရွာမှာ တညအိပ်စခန်းချခဲ့တာဖြစ်ပြီး နောက်နေ့ မနက်မှာတော့ နဂါးတွင်းရွာထဲကို ဝင်ရောက်သွားတာပဲဖြစ်ပါတယ်။
ဒီနေ့ မနက်မှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နဂါးတွင်းရွာက ဒေသခံတွေကျေးရွာထဲ ပြန်လည်နေထိုင်နေပြီ ဖြစ်ပါတယ်။
အိမ်ခြေ ၉၀၀ ကျော်ရှိတဲ့ နဂါးတွင်းရွာဟာ အခုလိုမီးရှို့ခံရတာ ၃ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာ ၁၄ ရက်မှာ ၁၆ အိမ်၊ နိုဝင်ဘာ ၃ ရက်မှာ ၁၇ အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မုံရွာ #နဂါးတွင်းရွာ #စစ်တပ် #မီးရှို့ #သတ်ဖြတ်
Share Share Share