နတ်တလင်းက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

နတ်တလင်းက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်က အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ထားပါတယ်။

နတ်တလင်းမြို့နယ်၊ ကျောက်ခွက်အုပ်စု၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသက် ၅၅ နှစ်အရွယ်ရှိတဲ့  ကိုဝင်းသိန်း ကို မတ် ၁၅ ရက် ည ၁၂ နာရီဝန်းကျင်မှာ သူနေတဲ့ ကျောက်စွယ်ရွာမှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

”ကျနော်တို့ ရဲဘော်တွေ သူ့(ကိုဝင်းသိန်း)အိမ်ခြံဝန်းထဲ ဝင်သွားတော့ စကစတွေ လာတယ်ထင်ပြီး အိမ်ပြင်ထွက်လာတုန်းမှာ ပစ်ခတ်ခဲ့တာ ပွဲချင်းပြီးပဲ“ လို့  Phoenix DF တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။

ညအချိန် ပစ်ခတ်ရတာကြောင့် ဘယ်တွေကို ထိမှန်ခဲ့တယ်ဆိုတာတော့ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ အန္တရာယ်ကင်းခဲ့ပြီး လက်ရှိမှာ လုံခြုံတဲ့နေရာကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

နတ်တလင်းမြို့နယ် အရှေ့ဘက်က ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတဦးလည်းဖြစ်တဲ့ ကိုဝင်းသိန်းဟာ ကျောက်ခွက်အုပ်စု အုပ်ချုပ်ရေး အဆက်ဆက်မှာ ရာအိမ်မှူးနဲ့ စိုက်ဘဏ်အတွင်းရေးမှူး တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကို အားပေးသူဖြစ်တယ်လို့ ပြောပါတယ်။ 

ကျောက်ခွက်အုပ်စုဟာ နတ်တလင်းမြို့ အရှေ့ဘက် ၈ မိုင် ဝန်းကျင်အကွာလောက်မှာရှိတဲ့ ကျေးရွာအုပ်စုလည်း ဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုကို နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)နဲ့ သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ ၂ (Phoenix DF) နဲ့ တပ်ခွဲ ၄ (BRA)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက် ညကလည်း နတ်တလင်းမြို့နယ် အရှေ့ဘက်၊ ဘန့်ဘေးကုန်းရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ ကိုခင်ဇော်ဝင်းကို Phoenix DF တပ်ဖွဲ့ မိုးကြိုးဘီလူးစစ်ကြောင်းက ပစ်သတ်ခဲ့ပါသေးတယ်။ 

ဓာတ်ပုံ - Phoenix DFတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ်တလင်းမြို့နယ် #အုပ်ချုပ်ရေးမှူး #သတ်ဖြတ် #PhoenixDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10