နတ်တလင်းက နိုင်ကျဉ်းဟောင်း ၁ ဦးအပါ ၄ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်

နတ်တလင်းက နိုင်ကျဉ်းဟောင်း ၁ ဦးအပါ ၄ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့က နိုင်ငံရေးအကျဉ်းသားဟောင်း ၁ ဦးအပါအဝင် ၄ ဦးကို စက်တင်ဘာ ၂၆ ရက်မနက် ၉ နာရီကျော်လောက်က ပေါင်းတည်ထောင်တွင်းစစ်ခုံရုံးကနေ အကြမ်းဖက်ပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ နတ်တလင်းမြို့ခံတဦးဆီက သိရပါတယ်။

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ နတ်တလင်းမြို့နယ်သားတွေဖြစ်တဲ့ ကိုဘဲဥ(ခ)ကိုအောင်ဝင်းထွန်း၊ ဒေါ်သီသီထွေး၊ မသိင်္ဂီနဲ့ ကိုတင်ထွန်းအောင်တို့ဖြစ်ပါတယ်။ 

အဲ့ဒီအထဲက ကိုဘဲဥ၊ ဒေါ်သီသီထွေးနဲ့ မသိင်္ဂီတို့ ၃ ဦးကို အကြမ်းဖက်ပုဒ်မ ၅၀ ည၊ ၅၀ က တို့နဲ့ ထောင်နှစ် ၂၀ စီချမှတ်ပြီး ကိုတင်ထွန်းအောင်ကိုတော့ ပုဒ်မ ၅၀ ကနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ဒီအမှုတွေကို ပေါင်းတည်မြို့နယ်တရားသူကြီးက မကိုင်ရဘူး။ စစ်ခုံရုံးကအမိန့်ချတာ အယူခံခွင့်မရဘူး။” လို့ ပေါင်းတည်အကျဉ်းထောင်နဲ့ နီးစပ်သူတဦးကပြောပါတယ်။

ထောင်နှစ် ၂၀ ချမှတ်ခံရသူ ၃ ဦးကို အဲ့ဒီနေ့မှာပဲ ပြည်ထောင်ကိုပြောင်း‌ရွှေ့ခဲ့ပြီး ထောင် ၇ နှစ်ချမှတ်ခံရသူကိုတော့ ပေါင်းတည်ထောင်မှာပဲ ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။

အခုအမိန့်ချခံရသူတွေကို နတ်တလင်းမြို့နယ်အတွင်းမှာပဲ အခုနှစ်ဇွန် ၉ ရက်ကစတင်ကာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။ 

အဲ့ဒီအထဲက ကိုဘဲဥဟာ စစ်အာဏာသိမ်းအပြီး စစ်ကောင်စီကိုဆန္ဒပြစဉ်က တက်ကြွစွာပါဝင်ခဲ့တဲ့အတွက် စစ်အုပ်စုက ၂၀၂၁ ခုနှစ်မတ်လအတွင်းက သဘာဝဘေးဆိုင်ရာပုဒ်မအပြင် ပုဒ်မ ၅၀၅ နဲ့ပါဖမ်းဆီးထောင်ချခဲ့ပြီး အဲဒီနှစ် စက်တင်ဘာတတိယပတ်ထဲမှာ ပြန်လွတ်လာသူဖြစ်ပါတယ်။

နတ်တလင်းမြို့နယ်ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ  ၂ ရက်စတင်ပြီး စစ်အုပ်ချုပ်ရေး ကြေညာထားတာလည်းဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့  စက်တင်ဘာ ၂၆ ရက်ထုတ်ပြန်ချက်အရ နိုင်ငံတဝန်း စစ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ်စက်တင်ဘာ ၂၆ ရက်မနေ့ကအထိ စစ်ကောင်စီက နွေဦးတော်လှန်ရေးနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးချုပ်နှောင်ခဲ့သူ ၂၇,၄၅၆ ဦးရှိခဲ့ပြီး ၂၀,၉၆၆ ဦးမှာ ထိန်းသိမ်းခံရဆဲဖြစ်ကာ အဲဒီအထဲက ၉,၄၆၀ ဦးမှာ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ပုံစာ - ပထမအကြိမ်ထောင်ကျစဉ်က ပေါင်းတည်အကျဥ်းထောင်တရားရုံးတွင် တွေ့ရသည့် ကိုဘဲဥ(ခ)ကိုအောင်ဝင်းထွန်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #ဖမ်းဆီးခံ #အမိန့်ချ #နှစ်ရှည်ထောင်ဒဏ် #နိုင်ကျဥ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10