နတ်တလင်းက ပျူစောထီးအားကောင်းတဲ့ရွာ ဝင်ရောက်ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

နတ်တလင်းက ပျူစောထီးအားကောင်းတဲ့ရွာ ဝင်ရောက်ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်က ပျူစောထီးအားကောင်းတဲ့ ပျဉ်ပုံရွာကို ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Bamar Revolution Army - BRA  က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန် ၇ ရက်မနက် ၅ နာရီကျော်လောက်မှာ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ် ဝင်ရောက်ခဲ့ပြီး ပြန်လည်ခုခံတဲ့ ပျူစောထီးတဦးကို ပစ်ခတ်ကာ နေအိမ် ၃ လုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

“ပျူတွေ ခဏပဲပြန်ပစ်ပြီး တရွာလုံး ဦးတည်ရာမဲ့ပြေးသွားတာ။ သေတဲ့ ပျူစောထီးတယောက်ကို  ရွာထဲမှာထားခဲ့ပြီး (ကျန်သူတွေက)လက်နက်ကို အရယူသွားတာ။ ဒဏ်ရာရတဲ့ ကောင်တွေတော့ ခေါ်သွားတယ်”လို့  Bamar Revolution Army-BRA  ရဲ့ တပ်ခွဲမှူး ဗိုလ်လက်ျာက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ (Phoenix x DF)၊ တပ်ခွဲ ၃ (နတ်စစ်သည်)၊ တပ်ခွဲ ၄ (BRA)နဲ့ ဧရာညီနောင်စစ်ကြောင်းတို့  ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

ဒါ့အပြင် တိုက်ခိုက်မှုအတွင်း ဧရာညီနောင်တပ်ဖွဲ့ကရဲဘော်တဦးလည်း သူ့ကိုင်ဆောင်ထားတဲ့ လက်နက်ချို့ယွင်းမှုဖြစ်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီး နေ့လယ်ပိုင်းမှာတော့ အဲဒီရွာကို ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းရွာနဲ့ နတ်တလင်းမြို့နယ်၊ မကြီးပင်ဆည်က စစ်သားနဲ့ပျူ‌စောထီးအင်အား ၈၀ ဦးလောက်က အင်အားထပ်တိုးလာခဲ့ပြီး ဇွန် ၈ ရက် ဒီနေ့အထိ စစ်သားနဲ့ပျူစောထီးတွေဟာ ပျဉ်ပုံရွာတပတ်လည်မှာ ကင်းပုန်းတွေချထားတယ်လို့ သိရပါတယ်။ 

ပျဥ်ပုံကျေးရွာဟာ တရွာလုံးနီးပါး ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း ကြံ့ခိုင်ရေးပါတီအနိုင်ရခဲ့တဲ့ ကျေးရွာဖြစ်တယ်လို့ နတ်တလင်းမြို့နယ်သားတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလမှာ စစ်ကောင်စီတပ်သားတွေက အဲ့ဒီရွာမှာ စစ်သင်တန်းပေးကာ ကျေးရွာအတွင်း နေထိုင်တဲ့ လူငယ်၊ လူလတ်ပိုင်းတွေကို ပျူစောထီးအဖွဲ့အဖြစ် ဖွဲ့စည်းပေးထားတာလို့ ဆိုပါတယ်။ 

အဲ့ဒီပျူစောထီးတွေဟာ ပျဉ်ပုံရွာဝန်းကျင်ကို လက်နက်ကြီးနဲ့ မကြာခဏပစ်လေ့ရှိသလို စစ်‌ကောင်စီဘက်က စစ်ကြောင်းထိုးရာမှာလည်း လိုက်ပါလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အနီးပတ်ဝန်းကျင်ကကျေးရွာတွေကိုလည်း ပျူစောထီးအဖွဲ့ဝင်ဖို့ စည်းရုံးတာ၊ အရပ်သား ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို ဖမ်းပြီးငွေတောင်းတာအပြင် ညအချိန် ငါးရှာ၊ဖားရှာ ထွက်နေတဲ့ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေလုပ်တာကြောင့် သတိပေးတဲ့အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ‌ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကလည်း ပေါင်းတည်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ အင်အား ၄၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁ နဲ့ ၃၆၀၂ တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။ 

ပုံစာ - Bamar Revolution Army ရဲဘော်များ။ (ပုံဟောင်း) 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #ပျူစောထီးရွာ #တိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10