နတ်တလင်းနယ်က နေအိမ် ၂၀ ကျော်ကို စစ်တပ်ကမီးထပ်ရှို့၊ ၁၀ ရက်အတွင်း နေအိမ် ၁၀၀ ကျော်အထိ မီးရှို့ခံထားရ

နတ်တလင်းနယ်က နေအိမ် ၂၀ ကျော်ကို စစ်တပ်ကမီးထပ်ရှို့၊ ၁၀ ရက်အတွင်း နေအိမ် ၁၀၀ ကျော်အထိ မီးရှို့ခံထားရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကရင်ဆင်ဆွဲကျေးရွာက နေအိမ် ၂၀ ကျော်ကို ဒီဇင်ဘာ ၂၈ ရက်မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အင်အား ၅၀ လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ကရင်ဆင်ဆွဲကျေးရွာက နေအိမ် ၂၅ လုံးကိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

“ကရင်ဆင်ဆွဲရွာကို မီးရှို့တာ တနာရီခွဲလောက်ကြာတယ်။ မီးညွန့်ကြီးတွေက တောင်တွေကိုတောင်ကျော်ပြီး တက်လာတာ။ တဖုန်းဖုန်းနဲ့ ကျွန်းအိမ်ကြီးတွေပါသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီရွာဟာ ပြီးခဲ့တဲ့ဧပြီလလယ်ကစလို့ စစ်ကောင်စီတပ်သားတွေက နှင်ထုတ်တဲ့အတွက် ရွာလုံးကျွတ် တိမ်းရှောင်နေရတာဖြစ်ပြီး လက်ရှိမှာ တောင်ယာလုပ်ငန်းပြန်လည်လုပ်ကိုင်ဖို့ ဝင်ရောက်နေထိုင်သူ ဆယ်ဂဏန်းလောက်သာ ရှိတယ်လို့ ဆိုပါတယ်။ 

စစ်ကြောင်းက ကရင်ဆင်ဆွဲရွာကို မီးရှို့ပြီးနောက် မနက် ၉ နာရီလောက်မှာ ရွာကထွက်ပြီး ပလွေချောင်းအနီးက နေအိမ် ၂ လုံးကို မီးရှို့ခဲ့ပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ နတ်တလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုးပြီး မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို ဒီဇင်ဘာနောက်ဆုံးပတ်အတွင်းမှာ ခပ်စိပ်စိပ်  လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၂၇ ရက်ညနေပိုင်းမှာ ကရင်ဆင်ဆွဲရွာက နေအိမ် ၃ လုံးကို မီးရှို့ခဲ့တဲ့အပြင် ဒီဇင်ဘာ ၂၆ ရက်မှာလည်း ပျဉ်းမခေါင်ရွာက နေအိမ် ၁၅ လုံးနဲ့ ယာစောင့်တဲ ၁၀ လုံး၊ ကြက်မနက်ရွာက နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

ပျဉ်းမခေါင်ရွာကို မီးရှို့ဖို့ ဝင်ရောက်ချိန်မှာလည်း အဲ့ဒီရွာက အသက် ၆၂ နှစ်အရွယ် ဦးတင်ကျော်၊  အသက် ၃၀ နှစ်အရွယ် ကိုသန်းကျော်နဲ့ အသက် ၃၅ နှစ်အရွယ်ကိုအကြီးလေးတို့ကို ဖမ်းဆီးထားရာ မနေ့(ဒီဇင်ဘာလ ၂၈) ညနေအထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို ဒေသခံတဦးက ပြောပါတယ်။  

နတ်တလင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၈ ရက်အတွင်း နေအိမ်နဲ့ စစ်ရှောင်တဲ ၁၀၀ ကျော်မီးရှို့ခံရကာ ပြည်သူ ၇ ဦး မီးရှို့အသတ်ခံရပြီး ၃ ဦးဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုံစာ - နတ်တလင်းမြို့နယ်အတွင်း စစ်အုပ်စု မီးရှို့ခဲ့သည့် နေအိမ်များ။ (ပုံဟောင်း) 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #ကရင်ဆင်ဆွဲရွာ #နေအိမ်မီးရှို့ #စစ်ကေင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10