နတ်တလင်းနယ် စစ်မှုထမ်းရမယ့်စာရင်းမှာ အမျိုးသမီးတွေစတင်ပါဝင်လာပြီး လူစားထိုးဖို့ ကျပ်သိန်းချီ ငွေတောင်း (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်အတွင်း စစ်မှုထမ်းရမယ့်သူတွေရဲ့အမည်စာရင်းမှာ အမျိုးသမီးတွေစတင်ပါဝင်လာပြီး ရပ်ကျေးအုပ်ချုပ်‌ရေးမှူးက လူစားထိုးဖို့ငွေတောင်းခံရာမှာ အမျိုးသမီးတွေအတွက်ပါ ကောက်ခံတယ်လို့ မြို့နယ်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။ 

နတ်တလင်းမြို့နယ်၊ ဘွတ်တောအုပ်စု၊ စက်ရုံရှမ်းစုရွာမှာ စစ်မှုထမ်းရမယ့် လူ ၁၉ ဦးစာရင်းရှိနေပြီး အဲ့ဒီထဲမှာ အမျိုးသမီး ၄ ဦးပါဝင်နေကာ လူစားထိုးဖို့အတွက် ငွေကျပ်သိန်းချီတောင်းခံတယ်လို့ ဆိုပါတယ်။

“အမျိုးသမီးတွေက တယောက်ကို ၁ သိန်း၊ အမျိုးသားတွေက တယောက်ကို ၂ သိန်းပေးရတာ။ တချို့ဆို သူတို့ သား၊သမီးတွေအတွက် ငွေတိုးချေးပေးရတာ ကိုယ်တွေ့မြင်နေရတယ်။ ဒီတကြိမ်ပေးပြီး နောက်တကြိမ်ခေါ်ရင် လွတ်မှာလား၊ မလွတ်ဘူးလားဆိုတာလည်း မသိရဘူး“ လို့  နတ်တလင်းမြို့နယ်စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်မှုထမ်းဖို့ခေါ်ခံရသူတွေဟာ လက်လုပ်လက်စားတွေဖြစ်နေပြီး‌ အများစုဟာ မိသားစုစားဝတ်နေရေးကို ဦး‌ဆောင်ရှာဖွေနေရသူတွေလို့ သူက ဆက်ပြောပါတယ်။

နတ်တလင်းမြို့ခံတဦးကလည်း စစ်မှုထမ်းအကျုံးဝင်သူတွေရဲ့စာရင်းကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကသာ သိရှိတာဖြစ်ပြီး ငွေတောင်းခံရသူတွေဟာ အမှန်တကယ် စစ်မှုထမ်းဖို့စာရင်းပေါက်သူ ဟုတ်၊ မဟုတ်မသိရသလို စစ်မှုထမ်းအကြောင်းပြကာ လုပ်စားတာတွေလည်း ဖြစ််နိုင်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီအတည်ပြုပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားတွေအပြင် အမျိုးသမီးတွေလည်း စစ်မှုထမ်းရမှာဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၅ နောက်ပိုင်းမှာ အမျိုးသမီးတွေကို စတင်ဆင့်ခေါ်မယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

နတ်တလင်းမြို့နယ်ဟာ စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းရဲ့ ဇာတိမြို့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာထားတာလည်း ဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#နတ်တလင်း #စစ်မှုထမ်းဥပဒေ #အမျိုးသမီး #စာရင်းပါဝင် #လူစားထိုး #ငွေကောက်ခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10