နတ်တလင်းနဲ့ပေါင်းတည်က ပြည်သူ့စစ်သင်တန်းဆင်းတွေ မိသားစုရဲ့အမြင်မကြည်လင်မှုနဲ့ ရင်ဆိုင်ကြရ

နတ်တလင်းနဲ့ပေါင်းတည်က ပြည်သူ့စစ်သင်တန်းဆင်းတွေ မိသားစုရဲ့အမြင်မကြည်လင်မှုနဲ့ ရင်ဆိုင်ကြရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်တွေက ပြည်သူ့စစ်သင်တန်းဆင်းတွေ ပြန်လည်‌ရောက်ရှိလာရာ မိသားစုအသိုင်းအဝန်းတွေရဲ့ အမြင်မကြည်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

တောင်ငူမြို့နယ်မှာ ပြည်သူ့စစ်သင်တန်းတက်ရောက် ပြန်လာကြတာဖြစ်ပြီး ပြည်သူအချို့အပြင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးအချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ဩဂုတ်လလယ်က သင်တန်းစတင်တက်ရောက်ကြတာဖြစ်ပြီး သင်တန်းကာလ ၁ ပါတ်ကြာမြင့်မယ်ဆိုကာ စစ်ကောင်စီကလိမ်လည်ခေါ်ယူပြီး လက်တွေ့မှာသင်တန်းကာလ ၃ ပါတ်ကြာမြင့်ပြီး စက်တင်ဘာ ၇ ရက်ကမှ နေအိမ်ကိုပြန်ရောက်တယ်လို့ ဆိုပါတယ်။

"သင်တန်းဆင်းလာပြီဆိုတော့ မိသားစုက စိုးရိမ်ကြောက်လန့်ကြတာပေါ့။ ဆွေမျိုးအသိုင်းအဝိုင်း​တွေကလည်း အမြင်မကြည်ကြဘူး။ အုပ်ကြီးတွေ ရာအိမ်မှူး ဆယ်အိမ်မှူးတချို့ မဖြစ်မနေလိုက်ကြရတာလေ။ သင်တန်းခေါ်တော့မှ ထွက်မရပြုမရဆိုတော့ နားကားရော။ အုပ်ကြီးလုပ်ချင်ကြတဲ့အကျိုးလေ"လို့ နတ်တလင်းဒေသခံတဦးက ပြောပါတယ်။ 

နတ်တလင်းမြို့နယ်မှာ ပြည်သူ့စစ်သင်တန်းတက်ရောက်သူ ၆၀ ဦးခန့်ရှိပြီး အများစုဟာ မြို့အနောက်ခြမ်းကသူတွေဖြစ်တယ်လို့လည်းသူက ဆက်ပြောပါတယ်။

ပြည်သူ့စစ်သင်တန်းဆင်းတွေ သင်တန်းကပြန်ရောက်ကတည်းက မျက်နှာသာယာမှုမရှိဘူးလို့ ဆိုပါတယ်။

“ဘာတွေဖြစ်လာတယ်။ ဘယ်လိုတွေကတိကဝတ် ပေးခဲ့ရလို့လဲတော့မသိဘူး။ ပြန်ရောက်ကတည်းက အိမ်ပြင်သိပ်မထွက်ဘူး။ ခုလက်ရှိလည်း အရင်လိုသွားလာတာမျိုးတောင် မတွေ့ရဘူး "လို့ ပေါင်းတည်မြို့ခံတဦးက ပြောပါတယ်။

ပြည်သူ့စစ်သင်တန်းကို တက်ရောက်သူတွေဟာ စစ်ကောင်စီသတင်းပေးတွေ၊ အလုပ်အကိုင်မရှိသူတွေနဲ့ ဗဟုသုတအားနည်းသူတွေ အများစုဖြစ်ပြီး ပြည်သူ့စစ်ဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ မသိကြဘူးလို့ ပြောပါတယ်။

လက်ရှိမှာ ပြည်သူစစ်သင်တန်းဆင်းတွေ နေအိမ်တွေမှာပဲရှိနေသေးပြီး စစ်ကောင်စီက ဘယ်လိုအသုံးချသွားမယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

 #မြေလတ်အသံ

#သတင်း #ပြည်သူ့စစ် #ပဲခူးတိုင်းအနောက်ခြမ်း #ပေါင်းတည် #နတ္တလင်း #အုပ်ချုပ်ရေးမှူး #စစ်သင်တန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10