နတ်တလင်းနဲ့ပေါင်းတည်မှာ စက်သုံးဆီကို ဗူးခွံနဲ့ဝယ်ချင်သူများ ထောက်ခံစာပြုလုပ်ရ

နတ်တလင်းနဲ့ပေါင်းတည်မှာ စက်သုံးဆီကို ဗူးခွံနဲ့ဝယ်ချင်သူများ ထောက်ခံစာပြုလုပ်ရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းနဲ့ ပေါင်းတည်မြို့နယ်တို့မှာ စစ်ကောင်စီထံက ထောက်ခံစာပြုလုပ်ပြီးမှ စက်သုံးဆီ ဝယ်ယူခွင့်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆီဝယ်ခွင့်ထောက်ခံစာကို ဇူလိုင်လဆန်းကတည်းက ပြုလုပ်ရတာဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက်နဲ့အတူ မြို့နယ်စစ်ကောင်စီရုံးမှာ ပြုလုပ်နေရတာလို့ဆိုပါတယ်။

"ကျနော်ကိုယ်တွေ့ကြုံတာက ၂ လီတာဝယ်တာတောင် ထောက်ခံစာမပါလို့ ရောင်းမပေးဘူး။ ဘယ်သူဖြစ်ဖြစ် ဘာလုပ်ငန်းဖြစ်ဖြစ် ပုံးနဲ့ဝယ်မယ်ဆိုထောက်ခံစာ လုပ်ရတယ်"လို့ နတ်တလင်းဒေသခံတဦးက ပြောပါတယ်။

ကား၊ ဆိုင်ကယ်၊ ထော်လာဂျီဆီတိုင်ကီတွေထဲကို ဆီဖြည့်ရာမှာတော့ ထောက်ခံစာမလိုဘဲ ဆီဖြည့်ခွင့်ပေးပြီး ကန့်သတ်တာမျိုးတော့မရှိဘူးလို့ သူကဆက်ပြောပါတယ်။

ပေါင်းတည်မြို့ခံတဦးကတော့ စက်သုံးဆီဝယ်ယူရာမှာ ထောက်ခံစာတောင်းတာဟာ PDF တွေကို ဖြတ်တောက်ချင်တဲ့သဘောလို့ ဆိုပါတယ်။

"အဓိကက PDF ကို ရိက္ခာဖြတ်ချင်လို့  PDF ဆီကို ဆီတွေရောက်မှာစိုးလို့လုပ်တာ၊ တကယ်က ပြည်သူတွေမှာ အလုပ်လာရှုပ်နေတာ၊ ဆီတခါဝယ်ဖို့ ရပ်ရွာအုပ်ချုပ်မှူး ရှာရတာတမျိုး သူတို့စစ်ကောင်စီရုံးသွားရတာနဲ့ အလုပ်ရှုပ်တယ်" လို့ ပေါင်းတည်ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင်စက်သုံးဆီဝယ်ယူပြီး စစ်ကောင်စီဂိတ်ရှေ့ကနေ သွားပြန်ရသူတွေဟာလည်း စစ်ကောင်စီဂိတ်တွေရဲ့ စစ်ဆေးတာကိုခံရသေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာကျေးလက်နေတောင်သူတွေအနေနဲ့ စက်သုံးဆီအသုံးပြုမှုနည်းပါးနေပေမယ့် လာမယ့် စပါးရိတ်သိမ်းချိန်နဲ့ မတ်ပဲစိုက်ပျိုးချိန်မှာ အခုလိုထောက်ခံစာနဲ့ ဝယ်ယူရမည်ဆိုပါက လုပ်ငန်းခွင်စက်သုံးဆီ ပြတ်လပ်မှုနဲ့ကြုံရနိုင်တယ်လို့ နတ်တလင်းမြို့နယ်က လယ်သမားတဦးက ပြောပါတယ်။ 

ပုံစာ - စက်သုံးဆီဝယ်ယူရာတွင် အသုံးပြုရသည့်ထောက်ခံစာ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည် #နတ္တလင်း #စက်သုံးဆီ #ကန့်သတ် #ထောက်ခံစာ #စစ်ကောင်စီ #တားမြစ် #PDF #စိုက်ပျိုးရေးအခက်ကြုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10