နတ်တလင်းနဲ့ ပေါင်းတည်မှာ မိုးရွာပြီး ချောင်းရေလျှံလို့ ကျေးရွာနဲ့ သီးနှံစိုက်ခင်းတွေထဲ ရေဝင်ရောက်

နတ်တလင်းနဲ့ ပေါင်းတည်မှာ မိုးရွာပြီး ချောင်းရေလျှံလို့ ကျေးရွာနဲ့ သီးနှံစိုက်ခင်းတွေထဲ ရေဝင်ရောက်

ပဲခူးတိုင်းအ‌နောက်ခြမ်း၊ နတ်တလင်းနဲ့ ပေါင်းတည်မြို့နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံတဲ့အတွက် စက်တင်ဘာ ၂၃ ရက် ဒီကနေ့မှာ သီးနှံစိုက်ခင်းတွေနဲ့ ကျေးရွာ ၁၀ ရွာကျော် ရေဝင်ရောက်နေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ပဲခူးရိုးမကလာတဲ့ တောင်ညိုချောင်း(ဘိုးသာအောင်ကုန်းချောင်း) ရေလျှံတက်တာဖြစ်ပြီး ချောင်းတလျှောက်ရှိ ရှမ်းတောင်၊ ဇီးတော၊ ပေါက်တန်း၊ သဖန်းကုန်း၊ ချောင်းနားနဲ့ ချောင်းအောက်ဘက်မှာရှိတဲ့ နတ်တလင်းမြို့နယ်ထဲ က လှပခြင်း၊ ထန်းပင်ကုန်းစတဲ့ ကျေးရွာတွေနဲ့ စပါးစိုက်ခင်းတွေ၊ သီးနှံစိုက်ခင်းတွေကိုပါ ရေဝင်ရောက်နေတာ လို့ ဆိုပါတယ်။

“ခုမနက်ကစပြီး အကုန်လုံးနီးပါး ရေဝင်နေတာ။ ပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းက နိမ့်တဲ့နေရာတွေ ကမ်းနှုတ်ခမ်းကိုထောက်ပြီး ရေဝင်နေတာ၊ အခုကလမ်းတွေပါ ရေကျော်နေတာ။” လို့  နတ်တလင်းမြို့နယ် လှပခြင်းကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

အဲဒီချောင်းဟာ နတ်တလင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်အစပ်မှာရှိပြီး ချောင်းဘေးတလျှောက်ရှိ ကျေးရွာ အများစုဟာ ကွမ်းခြံအပါအဝင် ရာသီပေါ်သီးနှံတွေကို စိုက်ပျိုးကြတာဖြစ်ပြီး လက်ရှိမှာ ရေဝင်ရောက်နေတယ်လို့ ဆိုပါတယ်။

”ရေကစဝင်နေတာ ၄ ရက်လောက်ရှိပြီ။ တချို့စပါးခင်းတွေက‌တော့  ရိတ်ခါနီးတွေဖြစ်နေတာ။ ရွာထဲကိုလည်း ရေဝင်တယ်။ ကွမ်းခြံတွေ၊ ငရုတ်ခင်းတွေလည်း ရေဝင်ကုန်တယ်။ တောင်ညိုဆည်‌ ရေလွှတ်တာလို့ ပြောတယ်။ မိုးကလည်း ဆက်တိုက်ရွာနေတယ်” လို့ ပေါင်းတည်မြို့နယ် ပေါက်တန်းအုပ်စုက ဒေသခံတဦးက ပြောပါတယ်။

ပေါင်းတည်မြို့နယ် ရှမ်းတောင်ရွာက ဒေသခံတဦးကလည်း ၎င်းတို့ကျေးရွာအတွင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကစတင်ပြီး တပေခွဲခန့်ရေဝင်နေတာဖြစ်ပြီး မြေညီထပ်အိမ်တွေမှာ နေလို့မရဘူးလို့ ဆိုပါတယ်။ 

တောင်ညို(ဘိုးသာအောင်ကုန်း)ချောင်းဟာ ပဲခူးရိုးမကနေ စီးဆင်းလာတာဖြစ်ပြီး အဲဒီချောင်းပေါ်မှာ တောင်ညို ရေလှောင်တမံကို ၁၉၉၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ 

စက်တင်ဘာ ၁၉ ရက်က စစ်ကောင်စီလက်‌အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာရဲ့ ထုတ်ပြန်ချက်မှာ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းအရှိန်နဲ့ ပဲခူး၊ မကွေး၊ မန္တလေးနဲ့ အခြားပြည်နယ်နဲ့တိုင်းအချို့မှာ စက်တင်ဘာ ၂၀ ရက်ကနေ ၂၅ ရက်ထိ မိုးကြီးကာ လေပြင်းတိုက်ခိုက်တာနဲ့ မြေပြိုတာတွေဖြစ်ပေါ်နေတယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း ဇီးကုန်းမြို့နယ်အတွင်းက မင်းဘူးချောင်းနဲ့ ဝက်ကော်ချောင်း ရေတက်တဲ့အတွက် ရိမ်းသိမ်းခါနီး စပါးခင်းတွေ ရေမြုပ်ပျက်စီးခဲ့သလို စက်တင်ဘာ ၂၃ ရက် ဒီနေ့မှာလည်း အဲဒီချောင်းရေတွေ လျှံတက်နေတဲ့အတွက် မှော်ရ၊ သံပုရာခုံ၊ ဝက်ကော်နဲ့  ရှမ်းစုကျေးရွာတွေကိုလည်း ရေတွေ ဝင်ရောက်နေတယ်လို့ ဇီးကုန်းမြို့ခံတဦးဆီက သိရပါတယ်။

ပုံစာ - တောင်ညိုချောင်းကူးတံတားကို ရေထိနေပုံနှင့် ရေဝင်ရောက်နေသည့်နေအိမ်တချို့။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ်တလင်း #ပေါင်းတည်မြို့ #မိုး #ချောင်းရေ #သီးနှံစိုက်ခင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10