နတ်တလင်းမြို့ပေါ်မှာ စစ်အုပ်စုက ပြည်သူ့စစ်နဲ့အတူ လုံခြုံရေးကင်းလှည့်

နတ်တလင်းမြို့ပေါ်မှာ စစ်အုပ်စုက ပြည်သူ့စစ်နဲ့အတူ လုံခြုံရေးကင်းလှည့်

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့က သင်တန်းဆင်း ပြည်သူ့စစ်တွေနဲ့အတူ မြို့ပေါ် လုံခြုံရေး ကင်းလှည့်နေကြတယ်လို့ နတ်တလင်းမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာလ ၂၅ ရက် မနေ့မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်တဦး၊ တပ်ကြပ်တဦးအပါအဝင် ပြည်သူ့စစ် အင်အား ၂၀ လောက်ဟာ လက်နက်ငယ်နဲ့ ၄၀ မမ ဗုံးသီးတွေလွယ်ကာ မြို့ပေါ်လုံခြုံရေးကို ဆိုင်ကယ်တွေနဲ့ ကင်းလည့်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်တွေဟာ ပြီးခဲ့တဲ့ဩဂုတ်လလယ်ကစတင်ကာ တောင်ငူမြို့နယ်မှာ စစ်သင်တန်းတက် ရောက်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၇ ရက်က နတ်တလင်းမြို့ကို ပြန်ရောက်နေတာလို့ ဆိုပါတယ် 

နတ်တလင်းမြို့ပေါ်မှာ စစ်ကောင်စီက အခုလို ပြည်သူ့စစ်တွေအသုံးပြုပြီး ကင်းလှည့်နေတာဟာ စစ်ကောင်စီဘက်က အင်အားမရှိတော့တာကြောင့် ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ခန့်မှန်းကြပါတယ်။  

"အင်အား မရှိတာသေချာတာပေါ့။ ပျူတွေ(ပြည်သူ့စစ်)သင်တန်း မဆင်းခင် မြို့ထဲအဲ့လိုမှ မပတ်နိုင်တာ။ ရဲ*၊ စစ်* လေးငါးယောက်နဲ့ ပုံမှန် ပတ်တရောင်(လှည့်ကင်း)မတွေ့တာကြာပေါ့။ စစ်ယူနီဖောင်း ပြောက်ကျားဝတ်တွေနဲ့ တံဆိပ်တော့ မသိဘူး၊ မမြင်လိုက်ဘူး" လို့ နတ်တလင်းမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

အဲဒီပြည်သူ့စစ်တွေဟာ နတ်တလင်းမြို့နယ်ထဲက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ စစ်ကောင်စီ သတင်းပေးတွေ၊ အလုပ်အကိုင်မရှိသူတွေ အများစုနဲ့ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

အလားတူ နယ်မြေထိစပ်နေတဲ့ ပေါင်းတည်မြို့မှာလည်း သင်တန်းဆင်း ပြည်သူ့စစ်တွေ ပြန်လည်ရောက်ရှိနေတယ်လို့ သိရပါတယ်။ 

"ကျနော်တို့ရပ်ကွက်ထဲက ဆယ်အိမ်ခေါင်းကတော့ ပြည်သူ့စစ်သင်တန်းသွားတက်တယ်။ အခြားသူတွေ အိမ်ပြန်လာတာတွေ့ပေမယ့် သူ့ကို မတွေ့ရဘူး"လို့ မြို့ခံတဦးက ပြောပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်းက နတ်တလင်းမြို့နယ်အပါအဝင် အုတ်ဖို၊ ပေါင်းတည်၊ ပေါက်ခေါင်းမြို့တွေကို စစ်ကောင်စီက အခုနှစ် ဖေဖော်ဝါရီလကစလို့ စစ်အုပ်ချုပ်ရေးကြေညာထားတာဖြစ်ပြီး နတ်တလင်းမြို့ဟာ စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ်မျိုးဆွေဝင်းရဲ့ ဇာတိမြို့လည်း ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ်တလင်းမြို့ #စစ်ကောင်စီ #ပြည်သူ့စစ် #လုံခြုံရေး #ပျူစောထီး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10