နတ်တလင်းမြို့အုပ်ချုပ်ရေးအဖွဲ့က KTV ညလုံးပေါက်သီဆိုကြလို့ မြို့ခံတွေအခက်တွေ့

နတ်တလင်းမြို့အုပ်ချုပ်ရေးအဖွဲ့က KTV ညလုံးပေါက်သီဆိုကြလို့ မြို့ခံတွေအခက်တွေ့

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားပေမယ့် မြို့နယ်စစ်ကောင်စီဖွဲ့ဝင် ဗိုလ်မှူးဦးဆောင်ပြီး ဥပဒေချိုးဖောက်ကာ KTV ကို ညလုံးပေါက် သီချင်းဆိုနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

နတ်တလင်းမြို့နယ်မှာ ပြည်သူတွေကို ည ၉ နာရီမှ မနက် ၄ နာရီထိ အိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထား ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညစဉ်လိုလို ညလုံးပေါက် KTV မှာ သီဆိုတဲ့အတွက် အနီးဝန်းကျင်နေသူတွေမှာ ဒုက္ခ‌ရောက်နေရတယ်လို့ ပြောပါတယ်။

နတ်တလင်းမြို့၊  ရွာမရပ်ကွက်၊ တာပွန်လမ်း၊ မြဟင်္သာစားသောက်ဆိုင်နဲ့ တွဲလျက်ဖွင့်ထားတဲ့ Hi Boss KTV မှာ ည ၉ နာရီမှစကာ မနက် ၂ နာရီကျော်အထိ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးနဲ့ အထွေထွေအုပ်ချုပ်ရေး ‌ဦးစီးဌာနက ဝန်ထမ်းတွေ၊  မြို့မရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ သတင်းပေးတွေနဲ့ အခြားဌာနဆိုင်ရာဝန်ထမ်း တွေက အရက်သောက်စားမူးယစ်ပြီး သီဆိုနေကြတာလို့ ဆိုပါတယ်။

“မူးရူးပြီး သံသေးသံကြောင်နဲ့  သီချင်းဆိုနေတာကြတာ။ အနီးဝန်းကျင်က လူတွေ ဘယ်လိုမှ မခံနိုင်ဘူး။   အသက်အရွယ်ပိုင်း ကြီးသူတွေရော ကျောင်းသားလေးတွေရောရှိနေတာ အားလုံး ဒုက္ခ‌ရောက်ကြတယ်။ တိုင်မယ်လုပ်တော့လည်း ညဉ့်နက်သန်းခေါင်လာသူတွေက KTV ပိုင်ရှင်နဲ့ ပိုင်ရာဆိုင်ရာ(စစ်အုပ်စုဝင်)တွေဖြစ်နေတော့။  ပြည်သူတွေ ဘယ်သူ့ အားကိုးရမလဲ” လို့ မြို့ခံတဦးက ပြောပါတယ်။

နတ်တလင်းမြို့ခံနောက်တဦးကလည်း “စစ်**နဲ့အဖွဲ့က ညဘက်ဆိုလည်း သွားချင်တိုင်းသွား၊ ပြန်ချင်တိုင်းပြန်၊ ကဲချင်တိုင်း ကဲနေတာ၊ ပြည်သူတွေကသာ ကျီးလန့်စာစား နေရတာလေ၊  ရဲစခန်းမှူး ဒုရဲမှူး ဝင်းဇော် ဆိုတာ KTV မှာ အကဲဆုံးပဲ” လို့ ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းကို ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီ ၂ ရက်ကစကာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာ ထားတာဖြစ်ပြီး အဲဒီအထဲမှာ နတ်တလင်း၊ အုတ်ဖို၊ ပေါင်းတည်၊ ပေါက်ခေါင်းမြို့နယ်တွေ ပါဝင်ပါတယ်။

နတ်တလင်းမြို့နယ်ဟာ  စစ်ကောင်စီခန့် ပဲခူးတိုင်း ဝန်ကြီးချုပ်မျိုးဆွေဝင်းရဲ့ ဇာတိမြို့လည်း ဖြစ်ပါတယ်။

ပုံစာ - Hi Boss KTV ရှေ့မျက်နှာစာ မြင်ကွင်း။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း  #နတ်တလင်း  #စစ်ကောင်စီ  #စစ်အုပ်ချုပ်ရေး  #မြို့နယ်စစ်ကောင်စီဖွဲ့ဝင်  #KTV

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10