နတ်တလင်းမှာ စစ်တပ်က စာသင်ဆောင်နဲ့ ယာတဲတွေကို မီးထပ်ရှို့နေ

နတ်တလင်းမှာ စစ်တပ်က စာသင်ဆောင်နဲ့ ယာတဲတွေကို မီးထပ်ရှို့နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်အတွင်းက စာသင်ကျောင်းဆောင်နဲ့ ယာတဲတွေကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၃၀ ရက် ဒီမနက်မှာမီးရှို့ခဲ့တယ်လို့ ကျောင်းတာဝန်ခံ ကျောင်းဆရာတဦးက ပြောပါတယ်။ 

နတ်တလင်းမြို့နယ်၊ ညောင်လေးပင်အုပ်စု၊ လက်ပံပင်ပြန့်ရွာမှာရှိတဲ့ စာသင်ဆောင်တခုနဲ့ ယာတဲ ၁၀ လုံးကျော်ကို ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာ အင်အား ၆၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

“‌သင်ကြားလို့ အရှိန်ရနေတုန်းပဲရှိသေးတယ်။ စစ်ကြောင်းဝင်လာလို့ ကျောင်းကပိတ်လိုက်ရတာ။ ခုတော့ ကျောင်းလည်း မီးထဲထပ်ပါသွားပြီ“လို့ အဲဒီကျောင်းကို တာဝန်ယူသင်ကြားနေတဲ့ ကျောင်းဆရာက ပြောပါတယ်။ 

ဒီဇင်ဘာ ၁၉ ရက်က လက်ပံပင်ပြန့်ရွာအနီးကို စစ်ကောင်စီစစ်ကြောင်းဝင်လာပြီး နောက်တရက် ဒီဇင်ဘာ ၂၀ ရက်ကတည်းက ကျောင်းကိုပိတ်ခဲ့ရတာဖြစ်ပြီး ဒေသခံတွေလည်း ရွာကနေ တိမ်းရှောင်နေကြရတာပါ။ 

ဒီစာသင်ကျောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်၊ ရပ်မိရပ်ဖတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းတာဝန်ခံဆရာတို့ပေါင်းကာ အခုနှစ်အောက်တိုဘာလက တည်ဆောက်ပြီး နိုဝင်ဘာလထဲမှာ စတင်ကာ မူလတန်းကျောင်းသား ၃၀ ကျော်ကို သင်ကြားပေးနေတာလို့ ကျောင်းဆရာက ဆက်ပြောပါတယ်။   

ဒါ့အပြင် ဒီညနေ ၆ နာရီလောက်မှာလည်း အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ လက်ပံပင်ပြန့်ရွာရဲ့ တဖာလုံလောက်အကွာရှိ ရေငံလေးရွာက စစ်ရှောင်တဲသုံးလုံးကို မီးရှို့နေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတဦးကတော့ "PDF ကိုမတိုက်ဘဲ ရွာတွေကိုပဲ မီးလိုက်ရှို့နေတဲ့ စစ်တပ်ကို နိုင်ငံတကာကနေ အရေးယူပေးစေချင်တယ်” လို့ ပြောပါတယ်။

နတ်တလင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၉ ရက်ကနေ ဒီဇင်ဘာ ၃၀ ရက်ဒီနေ့အထိ အဆိုပါ စစ်ကောင်စီစစ်ကြောင်းက ညောင်လေးပင်၊ ကွေ့ကြီးရွာ၊ ကျောက်ပြုပ်၊ သဖန်းချောင်း၊ ပျဉ်းမခေါင်၊ ကရင်ဆင်ဆွဲရွာ၊ ကြက်မနက်ရွာနဲ့ အနီးတဝိုက်က စုစုပေါင်းနေအိမ်နဲ့ ယာတဲ ၁၀၀ ဝန်းကျင်ကို မီးရှို့ခဲ့ပြီး ကွေ့ကြီးရွာက အမျိုးသား ၇ ဦးလည်း သတ်ခဲ့ပါတယ်။ 

ဒါ့အပြင် ခုလိုစစ်ကြောင်းထိုးနေတာကြောင့် အထက်ပါကျေးရွာတွေက ဒေသခံထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုံစာ - မီးမရှို့မီက တွေ့ရသည့် လက်ပံပင်ပြန့်ရွာက စစ်ရှောင်စာသင်ဆောင်။ 

စာတည်း - လင်း  

#မြေလတ်အသံ

#သတင်း #ပဲခူး #နတ်တလင်း #လက်ပံပင်ပြန့်ရွာ #စာသင်ဆောင် #ယာယီတဲ #စစ်တပ် #မီးရှို့ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10