နတ်တလင်းမှာ ကင်းလှည့်စစ်အုပ်စု ဆိုင်ကယ်ယာဉ်တန်း တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး    ■ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့တွေကို နတ်တလင်းဆေးရုံမှာ လုံခြုံရေးအပြည့်နဲ့ကုသနေ

နတ်တလင်းမှာ ကင်းလှည့်စစ်အုပ်စု ဆိုင်ကယ်ယာဉ်တန်း တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး ■ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့တွေကို နတ်တလင်းဆေးရုံမှာ လုံခြုံရေးအပြည့်နဲ့ကုသနေ

 

ပဲခူးတိုင်း(အနောက်ခြမ်း)၊ နတ်တလင်းမြို့နယ်အရှေ့ဘက်မှာ ဆိုင်ကယ်တွေနဲ့ကင်းလှည့်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့လို့  ၂ ဦးသေဆုံးခဲ့တယ်လို့  နတ်တလင်းအခြေစိုက် နတ်စစ်သည်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၂ ရက် မနေ့ညနေ ၅ နာရီလောက်မှာ ဆိုင်ကယ် ၇ စီး လူအင်အား ၁၄ ဦးနဲ့ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဟာ နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာကနေ ကင်းလှည့်လာတာကို လယ်မအင်းရွာအနီးမှာ မိုင်းဆွဲခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ၂ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

“ မိုင်း ၂ လုံးနဲ့ဆွဲလိုက်တာ ဆိုင်ကယ် ၃ စီး လန်ထွက်သွားတယ်။ အလောင်း ၂ လောင်းကို မြို့ဘက်ကိုပြန်သယ်သွားတယ်။ မိုင်းဆွဲပြီးတော့ စကစဘက်က လက်နက်ငယ်တွေနဲ့ပြန်ပစ်လို့ ကျနော်တို့ပြန်မပစ်နိုင်ဘဲ နောက်ပြန်ဆုတ်လာတယ်။“ လို့ နတ်စစ်သည်တပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ဗိုလ်အောင်က မြေလတ်အသံကို ပြောပါတယ်။

စစ်အုပ်စုဘက်က လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်ခန့် ဆက်တိုက်ပစ်ခတ်ပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

နတ်တလင်းမြို့ခံတဦးကလည်း ယမန်နေ့ညနေ ၆ နာရီလောက်မှာ နတ်တလင်းဆေးရုံကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲကားတွေ ဝင်ရောက်လာကာ သေဆုံး၊ ဒဏ်ရာရသူတွေကို လာရောက်ပို့ဆောင်တယ်လို့ ဆိုပါတယ်။

“ အိမ်စီးကား ၂ စီး၊ ရဲကား ၂ စီးနဲ့ လူနာလာပို့တယ်။ ညတုန်းကတော့ဆေးရုံရှေ့မှာ လုံခြုံရေးအပြည့်နဲ့။” လို့ အထက်ပါ ဒေသခံကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်းကတော့ နတ်တလင်းမြို့နယ်၊ကျောက်ပြုတ်ရွာအနီးမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်ဟာ ဆီဆုံကုန်းရွာကိုကျခဲ့လို့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #ရဲတပ်ဖွဲ့ #မိုင်းဆွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10