နတ်တလင်းမှာ စစ်အုပ်စု တိုက်ခိုက်ခံရ

နတ်တလင်းမှာ စစ်အုပ်စု တိုက်ခိုက်ခံရ

 

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲမှာ အင်အား ၂၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာလ ၃၀ မနေ့ကမနက် ၇ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း - ၃၈ဝ၁၊ တပ်ခွဲ ၂ Phoenix DF က သတင်းထုတ်ပြန်ထားပါတယ်။

နတ်တလင်းမြို့နယ်အရှေ့ဘက် အောက်သစ်လုံးဘုန်းကြီးကျောင်းကထွက်လာတဲ့ စစ်ကြောင်းကို အရပ်အခေါ် ကျောက်ပလ္လင်ဆိုတဲ့ နေရာအရောက်မှာ မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

မိုင်းဆွဲခံရတော့ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပြီး လဲကျနေတဲ့ သူ့လူ(စစ်သား)တွေကို ဆွဲယူနေတာတော့ မြင်လိုက်ရတယ်” လို့ Phoenix DF ရဲ့ တပ်ခွဲမှူးဗိုလ်မိုးကြိုးက ပြောပါတယ်။

 

ဒီတိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေကပြောပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေတွေနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာလ ၂၈ ရက်က ဇီးကုန်းမြို့နယ်အရှေ့ဘက်၊ ဘော်ပင်ရွာအနီးကနေ စစ်ကြောင်းထိုးလာပြီး အောက်သစ်လုံးဘုန်းကြီးကျောင်းမှာ နှစ်ညအိပ်စခန်းချကာ နိုဝင်ဘာလ ၃၀ ရက် မနက်မှာ စစ်ကြောင်းပြန်ထွက်ချိန် တိုက်ခိုက်ခံခဲ့ရတာပါ။

 

ဒဏ်ရာရာသူတွေကိုတော့ တောင်ညိုမြို့သစ်ရွာဘက်ကို သယ်သွားတယ်လို့ တဆင့်ခံပြန်ကြားရပြီး သေဆုံးသူတွေကိုတော့ ဘယ်ကိုသယ်သွားတယ်ဆိုတာ မသိရဘူးလို့ တပ်ခွဲမှူးဗိုလ်မိုးကြိုးက ပြောပါတယ်။

 

တိုက်ခိုက်မှုအပြီးမှာ စစ်သားတွေဘက်က ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် သစ်လုံးရွာသားတဦးရဲ့ နွားတကောင်ကိုလည်း ယမ်းစထိမှန်ပြီး ပေါင်ကျိုးခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့  နိုဝင်ဘာ ၂၉ ရက်ကလည်း ပေါက်ခေါင်းမြို့နယ် ခရိုင်ချင်းဆက်လမ်းပေါ်ရှိ ညောင်ကုန်းရွာနဲ့ ချင်းလည်ရွာကြားမှာ အင်အား ၈ ဦးလောက်ရှိတဲ့ စစ်ကောင်စီဂိတ်ကို ပြည်ခရိုင် ၃၆၀၂ တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

 

 

စာတည်း - လင်း

 

 

#မြေလတ်အသံ

#စစ်ကိုင်း #နတ်တလင်း #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #မြေလတ်သတင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10