နတ်တလင်းမှာ နေအိမ်၊ စစ်ရှောင်တဲအပါအဝင် လူ ၇ ဦးကိုပါ စစ်တပ်က မီးရှို့သွား

နတ်တလင်းမှာ နေအိမ်၊ စစ်ရှောင်တဲအပါအဝင် လူ ၇ ဦးကိုပါ စစ်တပ်က မီးရှို့သွား

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်က လူနေအိမ်တွေနဲ့ စစ်ရှောင်တဲတွေကို စစ်တပ်က မီးရှို့ခဲ့သလို လူ ၇ ဦးကိုပါ မီးရှို့သတ်သွားတယ်လို့ နတ်တလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးဆီက သိရပါတယ်။  

လက်ရှိကောက်ယူရရှိထားတဲ့ စာရင်းအရ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက်ပိုင်း  ပဲခူးရိုးမအစပ်က စစ်ရှောင်တဲအလုံး ၃၀ ကျော်နဲ့ နေအိမ်တွေ မီးရှို့ခံရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၄ ရက်အတွင်း ရစ်ကွင်းရွာ၊ လေးအိမ်တန်းရွာနဲ့ သရက်ချောင်းရွာ အလယ်စု၊ သဖန်းချောင်းရွာ အရှေ့စု၊ ညောင်လေးပင်ရွာနဲ့ ကွေ့ကြီးရွာ အနီးတဝိုက်က စစ်ရှောင်တဲတွေအပြင် ညောင်လေးပင်နဲ့ ကွေ့ကြီးရွာက နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဟာ ညောင်လေးပင်ရွာက အိမ်ခြေ ၂၄ လုံးကို မီးရှို့သွားခဲ့တာဖြစ်ပြီး ကွေ့ကြီးရွာက အိမ်ခြေဘယ်လောက်ကို မီးရှို့သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ 

ဒါ့အပြင် ညောင်လေးပင်ရွာအနီးတဝိုက်မှာ မီးရှို့သတ်ခံရတဲ့ အလောင်း ၇ လောင်းကိုလည်း ဒီဇင်ဘာ ၂၅ ရက်က တွေ့ရှိခဲ့ပြီး သေဆုံးသူတွေဟာ ကွေ့ကြီးရွာနဲ့ ညောင်လေးပင်ရွာ စစ်ရှောင်တွေထဲက အမျိူးသား အများစုဖြစ်နိုင်ပြီး အသေးစိတ်ကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။ 

မီးရှို့သတ်ခံရသူတွေကို ဒီဇင်ဘာ  ၂၂ ရက် မွန်းလွဲပိုင်းမှာ စစ်တပ်က ညောင်လေးပင်ရွာအနီး စစ်ရှောင်စခန်းကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်နဲ့  ၂၄ ရက်က  သတ်ဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

"စစ်ရေးပစ်မှတ်မဟုတ်ဘဲ လူသားမဆန်တဲ့ လုပ်ရပ်ကို လုပ်သွားတာ" လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးလို့ ညောင်လေးပင်ရွာ၊ ကွေ့ကြီးရွာ၊ သဖန်းချောင်းရွာ၊ လေးအိမ်တန်းရွာနဲ့ ကျောက်ပြုပ်ရွာတို့က စစ်ရှောင်ဒေသခံပြည်သူ ၆၀၀ ဝန်းကျင်ဟာ တောတောင်တွေထဲမှာ ထပ်မံပုန်းရှောင် နေရတာလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရှောင်တွေရဲ့ ဝမ်းစာစပါးတွေကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ကြသလို ဒေသခံတွေ မွေးမြူထားတဲ့ ကြက်၊ ဝက်နဲ့ နွားတွေကိုလည်း သတ်ဖြတ်စားသောက်တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းက အကြောင်းမဲ့သက်သက်မီးလာရှို့သွားတာ နေစရာ၊ စားစရာတွေလည်း ကုန်ပြီ၊ အခုကတော့ တောထဲမှာ ထပ်ပုန်းနေရတယ်။ ဘယ်သူတွေကို ဖမ်းပြီးသတ်သွားတယ်တော့ မသိရသေးဘူး။ ကျမတို့ကလည်း တကွဲတပြားစီဖြစ်နေတာ စားသောက်နေထိုင်ရေးတွေလည်း ခက်ခဲနေတယ်” လို့  စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အခု စစ်ရှောင်ရတဲ့ ရွာတွေဟာ တောင်ညိုဆည်တည်ဆောက်ချိန်က ပြောင်းရွှေ့ခံရတဲ့ ကျေးရွာတွေဖြစ်ပေမယ့်  ရေမြုပ်ဧရိယာထဲမှာ မပါဝင်လို့ ကျေးရွာသားအချို့ဟာ နေရပ်ကို သူတို့ဆန္ဒနဲ့ ပြန်လည်နေထိုင်ပြီး မူလလက်ငုတ် တောင်ယာလုပ်ငန်းကိုသာ ပြန်လည်လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းအပြီးနောက်ပိုင်း နတ်တလင်းမြို့နယ်မှာလည်း လက်နက်ကိုင်တော်လှန်ရေးဖြစ်ပွားရာမှာ သူတို့ဟာ ထပ်မံပြောင်းရွေ့စစ်ရှောင်ရတာဟာ ၁ နှစ်ခွဲနီးပါးကြာမြင့်နေပြီလို့ သိရပါတယ်။ 

ဒီဇင်ဘာ ၂၄ ရက် ညနေမှာ စစ်ကောင်စီတပ်ဟာ ကွေ့ကြီးရွာကို မီးရိူ့ပြီး တပ်ပြန်ဆုတ်ချိန် ဘိုကြီးစခန်းရွာက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ 

နတ်တလင်းမြို့နယ်၊ စစ်တပ်အထိုင်စခန်းဖြစ်တဲ့ ကွင်းကျယ်စခန်းကို ပြန်ရောက်တဲ့ ဒီဇင်ဘာ ၂၅ ရက် မနက်မှာတော့ ဖမ်းဆီးထားသူ တွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

နတ်တလင်းမြို့နယ်မှာ Phoenix DF ၊ Myanmar Revolution Force - MRF  NattaIin နဲ့ နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ရှိနေပြီး မကြာခဏစစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း တောင်ညိုဆည်အထက်က ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်တယ်လို့ဆိုကာ စစ်ကောင်စီက တအိမ်ထောင် တနေ့ ဆန် ၂ ပြည်ထက် ပိုမဝယ်ရလို့ ကန့်သတ်ခဲ့ပါ သေးတယ်။

ပုံစာ - စစ်တပ်က မီးရှို့ခဲ့သည့် စစ်ရှောင်တဲ၊ နေအိမ်နှင့် အလောင်းများ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#နတ်တလင်း #ပဲခူး #မီးရှို့ #စစ်ရှောင်စခန်း #တောင်ညို #ညောင်လေးပင် #ကွေ့ကြီးရွာ # PhoenixDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10