နတ်တလင်းမှာ ဖမ်းဆီးခံရတဲ့ အငြိမ်းစားကျောင်းဆရာတဦး မိသားစုနဲ့တွေ့ခွင့်မရ

နတ်တလင်းမှာ ဖမ်းဆီးခံရတဲ့ အငြိမ်းစားကျောင်းဆရာတဦး မိသားစုနဲ့တွေ့ခွင့်မရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်က အငြိမ်းစားကျောင်းဆရာတဦးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး နိုဝင်ဘာ ၂၃  ရက် မနေ့ကအထိ မိသားစုနဲ့ တွေ့ဆုံခွင့်မရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာ ဖော်ပြခံခဲ့ရပြီးနောက် တာပွန်မြို့က အသက် ၇၀ နှစ်ဝန်းကျင် အငြိမ်းစာကျောင်းဆရာ ဦးအောင်ကြီးကို  နိုဝင်ဘာ ၁၅ ရက်မနက် အစောပိုင်းက နေအိမ်မှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

“တယ်လီဂရမ်မှာဖော်ပြခံရပြီး ဖမ်းခံရတာ အခုနတ်တလင်းရဲစခန်းအချုပ်ထဲမှာပါ။ မိသားစုနဲ့ ခုထိမတွေ့ရဘူး အသက်အန္တရာယ်စိုးရိမ်တယ်။" လို့ တာပွန်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။ 

ဦးအောင်ကြီးကို နိုဝင်ဘာ ၁၄ ရက်က စစ်ကောင်စီတယ်လီဂရမ်မှာ "ယခင် NLD ပါတီဝင်တဦးဖြစ်ပြီး နတ်တလင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း (၂၀၁၅ NLDအမျိူးသား လွတ်တော်ကိုယ်စားလှယ်) ရဲ့ တပည့်တဦးဖြစ်ကာ သားဖြစ်သူနဲ့အတူ PDF ကိုသတင်းပေးနေတယ်" လို့ ဖော်ပြခံရတာ ဖြစ်ပါတယ်။ 

ဦးအောင်ကြီးနဲ့ရင်းနှီးတဲ့ အငြိမ်းစားကျောင်းဆရာတဦးကတော့ ဦးအောင်ကြီးဟာ အဖမ်းမခံရမီအချိန်ထိ PDFနဲ့ ပတ်သက်တဲ့စကားတွေကို ပြောဆိုတာမျိူးမရှိဘဲ ဖမ်းတဲ့သူတွေကလည်း စဉ်းစားဖို့လိုသလို ပြန်လွှတ်ပေးသင့်ပါတယ်လို့ ပြောပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့ အခုနှစ် နိုဝင်ဘာလ ၂၃ ရက်ထိ နိုင်ငံတဝှမ်း ဒီမိုကရေစီအရေးလှုပ်ရှားသူများနဲ့ ပြည်သူစုစုပေါင်း ၂၅၄၄၆ ဦးဖမ်းဆီးခံရထားရပြီး အဲ့ဒီအထဲက ၁၉၇၁၇ မှာဖမ်းဆီးခံရဆဲဖြစ်ကာ ၈၁၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုံစာ - ဖမ်းဆီးခံရသည့် ဦးအောင်ကြီး (ပုံဟောင်း)။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #နတ္တလင်း #NLD  #ပညာရေး #ကျောင်းဆရာ #စစ်ကောင်စီ #ဖမ်းဆီးထောင်ချ #AAPP #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10