နတ်တလင်းမှာ မိုင်းထိလို့ အမျိုးသားတဦးသေဆုံး

နတ်တလင်းမှာ မိုင်းထိလို့ အမျိုးသားတဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေထောင်ထားတဲ့ မိုင်းကို နင်းမိပြီး အမျိုးသားတဦးသေဆုံးကာ တဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်ရှိ “ဖလံပင်ကုန်း” စက်လှေဆိပ်အနီးမှာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်းမှာ လေးအိမ်တန်းရွာက အသက် ၅၅ နှစ်အရွယ် ဦးဇော်လွင်နဲ့ ကိုဝင်းဆန်းထူးတို့ နွားကျောင်းနေချိန် မိုင်းနင်းမိတာကြောင့် ဦးဇော်လွင်က နေရာမှာတင်သေဆုံးခဲ့ပြီး ကိုဝင်းဆန်းထူးက ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။  

“ မိုင်းကွဲသံ အကျယ်ကြီးတချက်ကြားလိုက်တယ်။ မကြာဘူး လိမ်ပင်ကုန်းရွာဘက်က စစ်**စက်လှေတစီး ထွက်လာတာလည်းမြင်လိုက်တယ်။ ကူညီချင်ပေမယ့် မသွားရဲဘူး” လို့  ဒေသခံတဦးက ပြောပါတယ်။ 

Phoenix DF အဖွဲ့မှ တပ်ခွဲမှူးဗိုလ်မိုးကြိုးကလည်း "ဦးဇော်လွင်ကတော့ ခြေတချောင်းပြတ်ပြီး နေရာမှာပဲသေတယ်လို့ သူ့ညီပြောလို့ သိရတယ်။ မိသားစုက အလောင်းပြန်ယူသွားတယ်။ ဝင်းဆန်းထူးကတော့ တပ်ရင်းရုံးက ဆေးဝါးတွေနဲ့ ကုသနေလို့ သက်သာတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကလည်း လေးအိမ်တန်းရွာသား အသက် ၂၇ နှစ်အရွယ် ကိုငတိုးဆိုသူ နွားကျောင်းနေချိန် သဖန်းချောင်းရွာအနီးမှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းထိပြီး ပေါင်ပြတ်ခဲ့ပြီး ဆေးကုသဖို့သွားချိန်မှာ သေဆုံးခဲ့ရတယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက အတည်ပြုပြောဆိုပါတယ်။ 

မြေမြှုပ်မိုင်း နင်းမိသူတွေအားလုံးဟာ ဒေသခံပြည်သူတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။

နတ်တလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၉ ရက်က စတင်ပြီး နေ့တိုင်းနီးပါး စစ်ကြောင်းထိုးမီးရှို့ကာ ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတာကြောင့် ကျေးရွာ ၉ ရွာကျော်က ဒေသခံထောင်ကျော် ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #စစ်ကောင်စီ #မိုင်းထောင် #မိုင်းထိ #အမျိုးသားသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10