နတ်တလင်းမှာ အရပ်သားတွေကို စစ်မှုထမ်းဖို့ စစ်တပ်က အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်းခံနေ

နတ်တလင်းမှာ အရပ်သားတွေကို စစ်မှုထမ်းဖို့ စစ်တပ်က အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်းခံနေ

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူကာ စစ်မှုထမ်းအင်အားတောင်းခံနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ ၅ ရက်မှာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ကာတောင်းခံခဲ့တာလို့ ဆိုပါတယ်။ 

အသက် ၁၈ နှစ်ကနေ ၅၅ နှစ်ကြား အမျိူးသားတွေကို ကျေးရွာတအုပ်စုကို ၁၀ ဦးပေးရမယ်လို့ဆိုကာ တောင်းခံတာလို့ ဆိုပါတယ်။

"ရွာဘက်တွေကတော့ တဦးကို ၃ သိန်းနဲ့ ငှားထည့်ဖို့ အုပ်ချုပ်ရေးမှူးတွေ စီစဉ်နေတယ်ကြားတယ်။ မြို့ပေါ်ရပ်ကွက်တွေတော့ လူစုမပေးနိုင်လို့ ည ၈ နာရီကျော်ထွက်တဲ့သူကို ဖမ်းဖို့ အဲဒီအစည်းဝေးမှာပဲ အုပ်ကြီးတွေကပြောတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။ 

နောက်ထပ်ဒေသခံတဦးကလည်း အခုလို အရပ်သားတွေကို စစ်မှုထမ်းဖို့ ခေါ်ယူနေလို့ ကျေးရွာနေသူတွေလည်း ကြောက်လန့်နေသလို  မြို့ပေါ်မှာ နေထိုင်သူတွေလည်း စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ 

“ရွာတွေမှာက ပိုက်ဆံပြေလည်သူက အကြောင်းမဟုတ်ဘူး၊ မရှိတဲ့သူဘဲပါသွားမှာ။ ပိုက်ဆံရှိသူက စာရင်းပါသွားလည်း ပိုက်ဆံပေးပြီး ရွေးယူမှာပဲ ဆင်းရဲသူတွေပဲခံရမှာ။ အဲ့လိုပဲ မြို့ပေါ်မှာ ညပိုင်းကျောင်းကျူရှင်တက်နေတဲ့ ကလေးတွေကိုလည်း မိဘက စိတ်မချလို့ ကြိုပို့လုပ်ရတော့မယ်။ မနက်အစောပိုင်းလည်း စိတ်မချရဘူး ပြည်သူတွေ မလုံခြုံတော့ဘူး” လို့ ပြောပါတယ်။

စစ်မှုထမ်းဖို့ကို နတ်တလင်းမြို့နယ်ထဲက မြို့စိုး၊ ချောင်းကမ်းကြီးနဲ့ ကြိုးကြာကန်စတဲ့ ကျေးရွာအုပ်စုတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ တောင်းခံတာဖြစ်တယ်လို့ ဆိုပါတယ်။

နတ်တလင်းမြို့နယ်ကို ပဲခူးတိုင်းအတွင်းရှိ ထန်းတပင်၊ အုတ်ဖို၊ ပေါင်းတည်၊ ပေါက်ခေါင်းမြို့နယ်တို့နဲ့အတူ စစ်ကောင်စီက စစ်အုပ်ချူပ်ရေးကြေညာထားကာ ည ၉ နာရီကနေ မနက် ၄ နာရီမထွက်ရအမိ န့်သတ်မှတ်ထားပြီး ရပ်ကွက်၄ခုနဲ့ အုပ်စု ၇၇ စု ရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလယ်ကလည်း  နတ်တလင်းမြို့နယ် သက်ငယ်ပြင်အုပ်စုအပါ မြို့အနောက်ဘက် ကျေးရွာအုပ်စု ၆ အုပ်စုလောက်က စစ်မှုထမ်းဖို့ စုဆောင်းပေးရသူ ၃၀ ဦးကျော်ထက်မနည်း စုဆောင်းပေးခဲ့ရပြီး အခု စုဆောင်းရာမှာ အဲဒီအုပ်စုတွေကို ချန်လှပ်ထားတယ်လို့ ဆိုပါတယ်။       

နတ်တလင်းမြို့နယ်ဟာ စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိူးဆွေဝင်းရဲ့ ဇာတိမြို့လည်း ဖြစ်ပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ်တလင်း #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #တပ်သားစုဆောင်း #စစ်မှုထမ်း #ပေါ်တာဆွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10