နတ်တလင်းမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခတ်ခံရ
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို ဧပြီလ ၁၂ ရက်မနေ့ညနေက သေနတ်နဲ့ပစ်ခဲ့ရာမှာ ဒဏ်ရာရရှိသွားတယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
နတ်တလင်းမြို့နယ်၊ ပွဲသာအုပ်စု၊ အုပ်ချုပ်ရေးမှူး ကိုတင်ထွန်းကို ကုန်ကလေးရွာက ဆိုင်ကယ်နဲ့ပြန်လာချိန် သပြေစမ်းရွာအနီးမှာ မနေ့ည ၇ နာရီလောက်က ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပြည်ခရိုင် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၅ နွေဦးတပ်ဖွဲ့က ပစ္စတိုနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
"အဲဒီနေရာက လမ်းကျဥ်းတယ်။ အလှူကပြန်တဲ့သူတွေနဲ့ ရှုပ်သွားတော့ ရှောင်တိမ်းပစ်ခတ်ရင်း နားထင်ကို ရှပ်ထိသွားတာ ကျတော်တို့လည်း လွတ်အောင်ပြန်ဆုတ်ခဲ့ရတယ်" လို့ PPDFက သတင်းတာဝန်ခံက ပြောပါတယ်။
ဒေသခံတဦးကတော့ အဲဒီအုပ်ချုပ်ရေးမှူးဟာ တတောင့်ထိုးလက်လုပ်သေနတ် ကိုင်ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။
နတ်တလင်းမြို့နယ် ကုန်းကလေးရွာ အိမ်တက်ပွဲကအပြန်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအလိုကြ အပတ်စဉ်လောင်းကစားလိုင်းကြေး ကောက်ခံပေးတာ၊ သမချေးငွေနဲ့ စိုက်ဘဏ်ချေးငွေ ခြိမ်းခြောက်တောင်းတဲ့အပြင် ကျေးရွာအုပ်စုထဲမှာ နေသူအချို့ကို PDF လို့ စွပ်စွဲဖမ်းဆီးတာအပြင် နည်းမျိုးစုံနဲ့ ပြည်သူကို ဒုက္ခပေးနေသူလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နွေဦးအဖွဲ့ဟာ ပြီးခဲ့တဲ့ဧပြီလ ၉ ရက်မနက်ကလည်း ပေါင်းတည်မြို့က သင်္ကြန်မဏ္ဍပ်ကို ဗုံးဖောက်ခွဲ့ခဲ့သလို ဧပြီလ ၁၁ ရက်ညကလည်း သဲကုန်းမြို့နယ်မှာ ဘောလုံးပွဲလုံခြုံရေးယူပြန်လာတဲ့ စစ်သားနဲ့ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
နတ်တလင်းမြို့နယ်ဟာ စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းရဲ့ ဇာတိမြို့ဖြစ်ပြီး စစ်ကောင်စီက မာရှယ်လောထုတ်ပြန်ထားတဲ့ မြို့နယ်တခု ဖြစ်ပါတယ်။
စာတည်း - 007
#မြေလတ်အသံ
Share
Share
Share