နတ်တလင်းမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးဆိုကာ ကျပ် ၅ သောင်းကနေ ကျပ် ၁၀ သိန်းအထိတောင်းနေ

နတ်တလင်းမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးဆိုကာ ကျပ် ၅ သောင်းကနေ ကျပ် ၁၀ သိန်းအထိတောင်းနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း ထောက်ပံ့ငွေပေးဖို့ဆိုကာ ဒေသခံတွေဆီကနေ ကျပ် ၅ သောင်းကနေ ကျပ် ၁၀ သိန်းအထိ ငွေတောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နတ်တလင်းမြို့နယ်၊ တာပွန်မြို့အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းရပ်ကွက်တို့ရှိ အုပ်ချုပ်ရေးမှူးတွေက အသက် ၃၅ နှစ်မှ ၆၅ နှစ်ကြား စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့ဆိုကာ စက်တင်ဘာ ၁ ရက်ကစတင်ပြီး ငွေကောက်ခံနေတာလို့ ဆိုပါတယ်။

“အဓမ္မလိုက်စုနေတာ။ မရှိတဲ့သူတွေဆို ၅ သောင်း၊ သူဌေးအိမ်တွေကျ ၅ သိန်း ၁၀ သိန်း တောင်းတယ်။ လုပ်‌ငန်းပေါ်လိုက်ပြီး တောင်းနေတာ။ အိမ်ပေါက်စေ့ပဲ။ ဘာစာရင်းဇယားမှ မရှိဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။

ခုလိုငွေတောင်းနေတဲ့အတွက် ဒေသခံအချို့မှာအခက်တွေ့နေရပြီး ငွေပေးဖို့မတတ်နိုင်တဲ့ အိမ်တွေကတော့ အခြားသူတွေဆီက ချေးငှားပေးတာ၊ ပစ္စည်းပေါင်နှံပြီး ပေးနေရတယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။ 

တာပွန်မြို့အလယ်ပိုင်းရပ်ကွက်ရှိ ပြည်မြို့ ဒကစမှူး(ဒေသကွပ်မှုစစ်ဌာနချုပ်)ရဲ့ မိဘအိမ်ကိုလည်း ခုလိုစစ်မှုထမ်းကြေးဆိုကာ ငွေ ၁ သိန်းကောက်ခံခဲ့ပြီး စက်တင်ဘာ ၃ ရက် မနေ့ကတော့ အဲ့ဒီငွေကို ပြန်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။ 

“အုပ်ကြီးက ဒကစမှူးမိဘအိမ်ကိုလည်း စုတာ။ နောက်နေ့ကျတော့ ဘယ်သူကပြောလိုက်လဲတော့ မသိဘူး။ တောင်းပန်ပြီး ငွေ ၁ သိန်းကို ပြန်သွားပေးတာ။” လို့ ပြောပါတယ်။

စက်တင်ဘာ ၄ ရက် ဒီကနေ့အထိ ငွေတောင်းခံနေတာတွေရှိနေပြီး ခြိမ်းခြောက်တာတွေတော့ မရှိဘူးလို့ ဆိုပါတယ်။   

တာပွန်မြို့မှာ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်ကြား စစ်မှုထမ်းရမယ့်သူ ၅၅ ဦးရှိကြောင်း သတင်းတွေ ထွက်အပြီးမှာ အုပ်ချုပ်ရေးမှူးတွေက အခုလိုငွေတောင်းခံနေတဲ့အပြင် ရပ်ကွက်အတွင်း စစ်မှုထမ်းဖို့ မဲနှိုက်တာ လူစုတာတွေကိုလည်း လုပ်နေတယ်လို့ သိရပါတယ်။ 

တာပွန်မြို့ဟာ နတ်တလင်းမြို့နယ်ရဲ့  မြို့နယ်ခွဲတခုဖြစ်ပြီး အိမ်ထောင်စု ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးအုပ်စီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

နတ်တလင်းမြို့နယ် ပြည်သူ့စစ်စုဆောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး တာပွန်မြို့မြောက်ဘက်က ရွှေကြာပင်အုပ်စု၊ အောင်ပင်သာရွာမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က သားအဖချင်း စကားများရာကနေ ဖခင်ဖြစ်သူဟာ သားဖြစ်သူကိုသတ်ခဲ့တဲ့ ဖြစ်စဥ်ဖြစ်ခဲ့ပါသေးတယ်။ 

ဒါ့အပြင် တာပွန်မြို့ကနေ စစ်မှုထမ်းအဖြစ်ဖမ်းဆီးခံရပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့ ခလရ ၆၇ မှာ စစ်မှုထမ်းရသူ ၁ ဦးလည်း ဩဂုတ် ၇ ရက်က MMDAA နဲ့  PDF တပ်ပေါင်းစုဆီမှာ အခြား ပဲခူးတိုင်းသား ၄ ဦးနဲ့အတူ အလင်းဝင်ခဲ့ပါသေးတယ်။ 

ပုံစာ - နတ်တလင်းမြို့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကို အစည်းဝေးတခုတွင် တွေ့ရစဥ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ်တလင်း #စစ်မှုထမ်း #ငွေကောက်ခံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10