နတ်တလင်းမှာ အုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်ဖွဲ့ဖို့ လိုက်လံစည်းရုံးစုဆောင်းနေ

နတ်တလင်းမှာ အုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်ဖွဲ့ဖို့ လိုက်လံစည်းရုံးစုဆောင်းနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့အတွက် တပ်ဖွဲ့ဝင်တွေကို ရပ်ကွက်နဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေက လိုက်လံစုဆောင်းနေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

နတ်တလင်းမြို့ပေါ်က ၄ ရပ်ကွက်၊ တာပွန်မြို့က ၃ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၈၄ အုပ်စုအတွင်းမှာ အခုလဝက်လောက်က စတင်ပြီး လိုက်လံစုဆောင်းနေတာလို့ ဆိုပါတယ်။

"ပြည်သူ့စစ်ဆိုပြီး တအုပ်စု တရပ်ကွက်ကို ၅ ယောက်ပေးရမယ်။ လစာက တလကို နှစ်သိန်းတသောင်းနဲ့ လက်နက်ပေးမယ် ဂိတ်တွေမှာပဲစောင့်ရမယ်ဆိုတဲ့ မက်လုံးပေးတယ်။ အုပ်စုတိုင်းရပ်ကွက်တိုင်းတော့ ရချင်မှရမယ်။ အုပ်ကြီးတွေကသူတို့နဲ့ နီးစပ်သူတွေကိုတော့ လက်သိပ်ထိုး လိုက်စုနေတယ်" လို့ နတ်တလင်းမြို့ခံတဦးက ပြောပါတယ်။

အခုလို ပြည်သူ့စစ်ခေါ်ယူတာဟာ စစ်ကောင်စီရဲ့ အင်အားယုတ်လျော့နေတဲ့ အခြေအနေဖြစ်ပြီး တိုက်ခိုက်နိုင်တဲ့အင်အား အားလုံးကို ရှေ့တန်းကိုပို့ထားရတဲ့အတွက် နယ်မြေလုံခြုံရေးပေးဖို့ စစ်သားနဲ့ရဲ အင်အားမရှိလို့ အခုလိုပြည်သူ့စစ်ခေါ်ရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ နတ်တလင်းမြို့နဲ့ နယ်မြေထိစပ်တဲ့ ပေါင်းတည်မြို့မှာလည်း ပြည်သူ့စစ်စုဆောင်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

"ပေါင်းတည်မှာလည်း အုပ်ချုပ်ရေမှူးတွေ ခေါင်းခဲနေကြတယ် တရပ်ကွက်၊ တအုပ်စုကို ပြည်သူ့စစ် ၅ ဦးရှာပေးရမယ်ဆိုပြီး အုပ်ကြီးတယောက် စိတ်ပျက်လက်ပျက်နဲ့ ပြောသွားတာတော့ရှိတယ် တကယ်စုမစုတော့ မသိရသေးဘူး" လို့ ပေါင်းတည်မြို့ခံတဦး ကလည်း ပြောပါတယ်။

သာယာဝတီခရိုင်နဲ့ နတ်တလင်းခရိုင်အတွင်းမှာ စုဆောင်းမှာဖြစ်ပြီး စုဆောင်းရရှိတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ပြည်မြို့မှာ ၇ ရက်သင်တန်းပေးကာ လေ့ကျင့်မှာဖြစ်တယ်လို့လည်း နတ်တလင်းမြို့ခံအမျိုးသမီးတဦးက ဆိုပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင်တွေကို သေနတ်ထုတ်ပေးကာ ဂိတ်စောင့်ခိုင်းတာတွေ ပြုလုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး မြေလတ်အသံအနေနဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်စုံစမ်းနေသလို နတ်တလင်းမြို့နယ်အတွင်း ပြည်သူ့စစ်အဖွဲ့ဝင် မည်မျှရရှိပြီဆိုတာကိုတော့ မသိရှိရသေးပါဘူး။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #စစ်ကောင်စီ #ပြည်သူ့စစ် #နတ္တလင်း #ပေါင်းတည် #စုဆောင်း #အုပ်ချုပ်ရေးမှူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10