သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့အနီးမှာ အသတ်ခံထားရတဲ့ LGBT ၁ ဦးရဲ့ အလောင်းကို ဇန်နဝါရီ ၂၀ ရက် မနက် ၉ နာရီဝန်းကျင်က ပြန်တွေ့ခဲ့တယ်လို့ သေဆုံးသူနဲ့နီးစပ်တဲ့ ပေါင်းတည်မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
သေဆုံးသူဟာ ပေါင်းတည်မြို့နယ်၊ ပျဥ်ပုံအုပ်စု၊ သရက်ကုန်းရွာက အသက် ၃၂ နှစ်အရွယ် ကိုကောင်းကောင်း (ခ) စည်သူအောင်ဖြစ်ပြီး တာပွန်မြို့၊ ဇီးပင်ကွေ့အုပ်စု၊ တဲကြီးကုန်းရွာအနီးက ငှက်ပျောပင်တွေကြားမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတွေနဲ့ အလောင်းကိုတွေ့ခဲ့တာပါ။
ကိုကောင်းကောင်းဟာ ဇန်နဝါရီ ၁၅ ရက်မွန်းလွဲ ၁ နာရီဝန်းကျင်ကတည်းက တာပွန်မြို့ကို စိုက်ပျိုးရေး ဆေးဝယ်ဖို့ ဆိုင်ကယ်နဲ့ ၁ ဦးတည်းသွားရာက ပျောက်ဆုံးခဲ့တာဖြစ်ပြီး၊အလောင်းကိုပြန်တွေ့ချိန်မှာ ဆိုင်ကယ်ရော သူဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေလည်းမရှိတော့ဘူးလို့ ဆိုပါတယ်။
“သူစီးသွားတဲ့ ClicK ဆိုင်ကယ်ရယ်၊ ဆွဲကြိုး၊ လက်စွပ်နဲ့ နားကပ်ရောပါသွားတယ်၊ သိန်း ၁၅၀ နဲ့ ၂၀၀ တန်ဖိုးရှိတယ်။ သူက နည်းနည်းပုန်းတယ်။ ဆိုင်ကယ်လုတာမပေးဘူးပြောတော့ ဗိုက်ကိုဓါးနဲ့ ၂ ချက် ထိုးသတ်ပြီး ပစ္စည်းယူပြီး ငှက်ပျောတောထဲမှာသတ်ပစ်တာလို့ တရားခံတွေက ဖြောင့်ချက်ပေးတယ်လို့ ပြောတယ်” လို့ ပေါင်းတည်မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
လူသတ်ပစ္စည်းလုခဲ့သူတွေဟာ တာပွန်မြို့၊ ဇီးပင်ကွေ့အုပ်စု၊ တာကျိုးရွာက အသက် ၂၂ နှစ်ဝန်းကျင် မင်းခန့်ကျော်နဲ့ ဒီဖြစ်စဥ်နဲ့ဆက်နွယ်တဲ့နောက်ထပ် လူငယ် ၁ ဦးတို့ကို အဲ့ဒီနေ့မှာပဲဖမ်းမိပြီး လက်ရှိမှာတော့ တာပွန်မြို့ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သူကဆက်ပြောပါတယ်။
အလောင်းကိုတော့ ရွာကိုပြန်မသယ်တော့ဘဲ တာပွန်မြို့အဝင်က သုဿန်မှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
နောက်ထပ်တာပွန်မြို့ခံတဦးကလည်း “သေတဲ့ကောင်လေးနဲ့ သတ်တဲ့ကောင်လေးက အရင်က ကြိုက်ဖူးတယ်ပြောတယ်။ အခုအလောင်းတွေ့တဲ့နေရာက တဲကြီးကုန်းရွာလောင်းကစားဝိုင်းနားက ငှက်ပျောတောထဲမှာ အပုပ်နံ့ရလို့ အနီးဝန်းကျင်နေသူတွေက အလောင်းကိုတွေ့တာ။ လူတွေက မွန်းကြပ်နေပြီ။ လောင်းကစားဝိုင်းတွေမှာရှုံးလို့ လုတာလည်းဖြစ်နိုင်သလို လစဉ်သောင်းချီပေးနေရတဲ့ စစ်မှုထမ်းကြေးအတွက် လုတာလည်းဖြစ်နိုင်တယ်၊ ပျူစောထီးတွေ လုံခြုံရေးယူပေးနေတဲ့ဝိုင်းလေ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၉ ရက်ကလည်း အခုအလောင်းတွေ့ခဲ့တဲ့နေရာနဲ့ ၅ မိုင်အကွာက တာပွန်မြို့အပိုင် မုံရွာကြီးအုပ်စု၊ မုံရွာကြီးရွာအနီးမှာ ဆိုင်ကယ်နဲ့ဆန်ဝယ်လာတဲ့ အမျိုးသမီးတဦးဆီက ဆိုင်ကယ် လုယူခံရပြီး လူကိုအန္တရာယ်ပေးတာမျိုးတော့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူပြီးခဲ့တဲ့နှစ် ဧပြီ ၂၄ ရက်ညကလည်း သဲကုန်းမြို့နယ်၊ ဝက်ပုတ်ကျေးရွာက LGBT ၁ ဦးဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်မင်းသူ ပစ္စည်းလုအသတ်ခံရတဲ့ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#နတ်တလင်း #တာပွန် #LGBT #အသတ်ခံရ
Share Share Share