နတ်မောက်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးသေဆုံး

နတ်မောက်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးသေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း ဂိတ်ဖွင့်ပြီး လုံခြုံရေးစောင့်နေတဲ့ စစ်သားတွေကို အောက်တိုဘာ ၂၆ ရက် မနေ့ညနေက တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု (OPRF - PLA)က သတင်းထုတ်ပြန်ထားပါတယ်။

နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာ ကားလမ်းထိပ်မှာ အင်အား ၂၀ ဦးလောက်ရှိတဲ့ စစ်ကောင်စီဂိတ်စခန်းကို မနေ့ညနေ ၆ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့က ဆိုင်ကယ်တွေနဲ့သွားပြီး အနီးကပ်တိုက်ခိုက်ခဲ့တာပါ။ မျက်မြင်တွေ့ရတာတော့ စစ်သား ၂ ဦး လဲကျသွားတယ်။ တိုက်ခိုက်မှုအပြီးမှာ ပတ်ဝန်းကျင်ကို ရှာဖွေမှုတွေပြုလုပ်ပြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်” လို့ OPRF - PLA ရဲ့ တာဝန်ခံရဲဘော်တဦးက ပြောပါတယ်။ 

တိုက်ခိုက်မှုအပြီး ၄၅ မိနစ်အကြာမှာ ဒဏ်ရာရစစ်သား ၂ ဦးကို နတ်မောက်မြို့၊ ရွာမွန် ပင်မစစ်လက်နက်သိုလှောင်ရေးတပ်စခန်းက စစ်ကားတစီးနဲ့ လူနာတင်ကားတစီးက လာတင်သွားတယ်လို့ သူကဆက်ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက် ဒီမနက်အစောပိုင်းမှာတော့  နတ်မောက်မြို့၊ ရွာမွန်တပ်က စစ်သားအင်အား ၅၀ လောက်ဟာ လိုက်ထရပ်ကား ၃ စီးနဲ့ ရောက်ရှိလာပြီး လက်ရှိအချိန်အထိ ကန်သာရွာဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲနေတယ်လို့ ဆိုပါတယ်။

အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက် ညနေကလည်း နတ်မောက်မြို့၊ မြို့မကွက်သစ် မြို့အဝင်စစ်ဆေးရေးဂိတ်ဘန်ကာကို လက်ပစ်ဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂  ဦးသေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ ရဲဘော်များ။  (ပုံဟောင်း)

စာတည်း - လင်း 

 #မြေလတ်အသံ

#မကွေး #နတ်မောက် #စစ်ကောင်စီဂိတ် #တိုက်ခိုက် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10